သြစတြေးလျနိုင်ငံအရှေ့တောင်ဘက်တစ်ဝန်းတွင် ရေလွှမ်းမိုးမှု အရေးပေါ်အခြေအနေ ဆက်လက်ဖြစ်ပွားနေစဉ် ဗစ်တိုးရီးယားပြည်နယ်တွင် နေအိမ် ၃၄၀၀၀ နီးပါး ရေလွှမ်းမိုးခံရနိုင်ခြေ သို့မဟုတ် သီးခြားဖြစ်သွားနိုင်ခြေ ကြုံတွေ့ရနေသည်ဟု တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ်သည် အဆိုးရွားဆုံးရေဘေးသင့်သည့် ပြည်နယ်ဖြစ်ပြီးအချို့ မြို့များသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြစ်ရေချိန်အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေသည်။ နယူးဆောက်ဝေးလ်စ်နှင့် တက်မေးနီးယားပြည်နယ်များသည် လွန်ခဲ့သည့်သီတင်းပတ်က စတင်ခဲ့သော ရေလွှမ်းမိုးမှုအရေးပေါ်အခြေအနေကို ဆက်လက်ကြုံတွေ့ခံစားနေရသည်။
ဗစ်တိုးရီးယားပြည်နယ်သည် ယခုသီတင်းပတ်ကုန်တွင် မိုးသည်းထန်စွာနောက် ထပ်ရွာသွန်းနိုင်ခြေရှိခြင်းနှင့်အတူ ဆိုးရွားသော ရေဘေးသင့်မှုအချို့နှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီး မာရေးဝက်က ပြောကြားခဲ့သည်။
မတူညီသော မြစ်ကြောင်းများ ပေါင်းစည်းလာသောကြောင့် ရေကြီးမှုအထွတ်အထိပ်ရောက်ပြီး ရေပြန်ကျသွားပြီးနောက်မှာ နောက်ထပ်ရေကြီးမှု အထွတ်အထိပ်ကိုပြန်ရောက်နိုင်သည့်အခြေအနေတွင် ရှိနေသည်ဟု ဝက်က ပြောကြားခဲ့သည်။
“ဒါကြောင့် အရမ်းအရေးကြီးတဲ့အခြေအနေတစ်ခုမှာရှိနေပြီး ကျွန်တော်တို့ရရှိထားတဲ့ အစီရင်ခံစာတွေအရဆိုရင် ဗစ်တိုးရီးယားမြောက်ပိုင်းမှာ အိမ်ခြေ ၉၀၀၀ နီးပါးရေနစ်မြုပ်နိုင်ခြေရှိပြီး ဗစ်တိုးရီးယားပြည်နယ်တစ်ဝန်းမှာဆိုရင်တော့ အိမ်ခြေ ၃၄၀၀၀ နီးပါး ရေလွှမ်းမိုးခံရနိုင်တာ ဒါမှမဟုတ် သီးခြားဖြစ်သွားနိုင်တဲ့အခြေအနေတွေ ရှိနေပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က ဗစ်တိုးရီးယားနှင့် နယူးဆောက်ဝေးလ်စ်ပြည်နယ်တို့တွင် လူနှစ်ဦး ရေနစ်ခဲ့ပြီး နောက်ထပ်နှစ်ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိခဲ့သည်။
နောက်ဆုံးအကြိမ် လူသေဆုံးမှုဖြစ်စဉ်မှာ မဲဘုန်းမြို့အနောက်ပိုင်း မိုင် ၁၁၀ ခန့်အကွာ ရိုချက်စတာမြို့တွင် အသက် ၇၁ နှစ်အရွယ်အမျိုးသားတစ်ဦး ရေနစ်မြုပ်နေသည့် ၎င်း၏နောက်ဘေးခြံထဲတွင် သေဆုံးနေကြောင်း အောက်တိုဘာ ၁၅ ရက်က တွေ့ရှိခဲ့သည်။
ရိုချက်စတာမြို့၏ ၈၅ ရာခိုင်နှုန်းခန့်သည် သီတင်းပတ်ကုန်အတွင်း Campsspe မြစ်ရေလျှံမှုကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံရသည်ဟု ဗစ်တိုးရီးယားပြည်နယ်အရေးပေါ် ဝန်ဆောင်မှုမှ လုပ်ငန်းဆောင်ရွက်ရေးအရာရှိချုပ် တင်ဝိုင်ဘုချ်က ခန့်မှန်းပြောကြားခဲ့သည်။
Loddon မြစ်သည် အောက်တိုဘာာ ၁၉ ရက်သို့မဟုတ် ၂၀ ရက်တွင် မြစ်ရေလျှံနိုင်သောကြောင့် ဗစ်တိုးရီးယားပြည်နယ်မြောက်ပိုင်း ကီရန်းမြို့သည် ခုနစ်ရက်ကြာ သီးခြားဖြစ်သွားနိုင်ဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။
“မြစ်ရေတွေ စပြီးကျဆင်းလာတဲ့နေရာတွေ အများအပြားရှိနေပေမယ့်လည်း လာမယ့်ရက်ပိုင်းတွေမှာ အဓိကမြစ်ရေလျှံမှုဖြစ်ပွားနိုင်တဲ့ ခြိမ်းခြောက်မှုအောက်ရောက်နေတဲ့ မြစ်တွေနဲ့ နေရာတွေအများအပြား ရှိနေပါသေးတယ်” ဟု ၀ိုင်ဘုချ်က ပြောကြားခဲ့သည်။
သြစတြေးလျ အရှေ့တောင်ပိုင်းတစ်ဝန်းရှိ စာသင်ကျောင်းများနှင့်လမ်းများပိတ်ထားပြီး လူပေါင်းထောင်ချီ ၎င်းတို့၏နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရသည်။
အောက်တိုဘာလသည် စံချိန်တင်နှင့် စံချိန်တင်လုနီးပါး ရေလွှမ်းမိုးမှုများကြုံတွေ့နေရချိန်တွင် ပြည်နယ်သုံးခု၌ တောမီးလောင်ကျွမ်းသည့်ရာသီအစပျိုးချိန်ဖြစ်သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နွေဦးရာသီတွင်ခြောက်သွေ့လေ့ရှိပြီး နွေရာသီအတွင်း မီးဘေးအန္တရာယ် မြင့်တက်လေ့ရှိသည်ဟု သိရသည်။














