ယူကရိန်းနိုင်ငံတွင် ရုရှားဆင်နွှဲနေသော စစ်ပွဲသည် စီးပွားရေးတိုးတက်မှု နှေးကွေးစေပြီးကမ္ဘာလုံးဆိုင်ရာမတည်ငြိမ်မှုကို ဖြစ်ပေါ်စေသည့် တစ်ခုတည်းသော အရေးအကြီးဆုံး အရင်းခံအကြောင်းဖြစ်သည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ကော်မတီ၏ ဥက္ကဋ္ဌက အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့၏ အစည်းဝေးနှင့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည်အစည်းအဝေးတို့အတွက် ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်လုပ်ငန်းရှင်များ ၀ါရှင်တန်မြို့ကို ရောက်ရှိလာချိန်တွင် နာဒီးယားကယ်လ်ဗီနို၏ အထက်ပါ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးများသည် စစ်ပွဲနှင့် ပတ်သက်၍လည်းကောင်း၊ ငွေဖောင်းပွမှုမြင့်တက်လာခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ရာသီဥတုပြဿနာနှင့်ပတ်သက်၍လည်းကောင်း အလေးပေး ဆွေးနွေးသည့် အစည်းအဝေးများဖြစ်သည်။
“ရုရှားအနေနဲ့ ယူကရိန်းကို ဆင်နွှဲနေတဲ့ စစ်ပွဲကို ရပ်ဖို့ သီတင်းတစ်ပတ်လုံး ခိုင်ခိုင်မာမာတောင်းဆိုနေကြတာပါ”ဟု နိုင်ငံတကာငွေကြေးနှင့် ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌလည်းဖြစ် စပိန်စီးပွားရေးဝန်ကြီးလည်းဖြစ်သော ကယ်လ်ဗီနိုက ပြောကြားခဲ့သည်။
“စစ်ပွဲဟာ စီးပွားရေးတိုးတက်မှုကို နှေးကွေးသွားစေပြီး ငွေကြေးဖောင်းပွမှု၊ မတည်ငြိမ်မှု၊ စွမ်းအင်နဲ့အစားအစာ မဖူလုံမှုနဲ့ မရေရာမှုတို့ကို ဖြစ်ပေါ်စေတဲ့ တစ်ခုတည်းသော အရေးအပါဆုံး အခြင်းအရာတစ်ခုဖြစ်ပါတယ်”ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးကို စီးပွားရေးမူဝါဒ တန်ဆာပလာအဖြစ် ခိုင်းနှိုင်းခဲ့သည်။
ဘုံသဘောတူညီချက်ကို ရုရှားက ပိတ်ဆို့ခဲ့သောကြောင့် ရုရှားလည်းအဖွဲ့ဝင်အ ဖြစ်ပါဝင်နေသော ကော်မတီသည် ထုတ်ပြန်ချက်နှင့်သက်ဆိုင်သည့် သဘောတူညီချက်ကို ရရှိခဲ့ခြင်းမရှိဟု ကယ်လ်ဗီနိုက ဖြည့်စွက်ပြောကြားခဲ့သည်။
သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် စစ်ပွဲတို့သည် သက်မွေးမှုအလုပ်အကိုင်များအပေါ် သိသိသာသာသက်ရောက်ခြင်းနှင့်အတူ စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုကို ပြင်းထန်စွာ ဖိစီးနေသည်ဟု ဖော်ပြထားသော ဥက္ကဋ္ဌ၏ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။
ယူကရိန်းအတွက် ဘဏ္ဍာရေးဆိုင်ရာအကူအညီကို အထောက်အကူဖြစ်ရန် ဆန္ဒအလျောက် ထည့်ဝင်မှုများကိုနိုင်ငံများက ကြိုဆိုခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၁၃ ရက်တွင် ဂျီ၂၀ အုပ်စုသည် ၀ါရှင်တန်မြို့တွင် တံခါးပိတ်ဆွေးနွေးခဲ့ကြသည်ဆိုသော်လည်း ပူးတွဲတရားဝင်ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အထူးသဖြင့် ရုရှား၏ကျူးကျော်မှုကို သဘောထားကွဲနေသော အုပ်စုရှိနေခြင်း၊ အမေရိကန်-ဆော်ဒီအာရေးဗျ ရန်စ ပြင်းထန်လာခြင်းတို့ကြောင့် နောက်ဆုံးပြုလုပ်သော အစည်းအဝေးနှစ်ခုတွင် ပူးတွဲထုတ်ပြန်ချက်ကို ကြေညာခြင်းမပြုနိုင်ခဲ့ဟု သိရသည်။
ကမ္ဘာ့စီးပွားရေး၏ သုံးပုံတစ်ပုံသည် ယခုနှစ်တွင် ကျုံ့လာရန် ဦးတည်နေသည်ဟု ယခုသီတင်းပတ်တွင် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့သည်။














