အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းထံ နောက်ထပ်အမေရိကန်ဒေါ်လာ ၇၂၅ သန်းတန်ကြေးရှိ စစ်ရေးအကူအညီပေးမည်ဟု အောက်တိုဘာ ၁၄ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က ကြေညာခဲ့သည်။
ယူကရိန်းနိုင်ငံတစ်ဝန်းကို ရုရှားက ပြင်းထန်သော ဒုံးကျည်တိုက်ခိုက်မှုများလုပ်ခဲ့ပြီးနောက် ယခုအကူအညီများကို အမေရိကန်က ကြေညာလိုက်ခြင်းဖြစ်ပြီး ရုရှားတပ်ဖွဲ့များ၏ ရက်စက်မှု အထောက်အထားများ ပိုမိုများပြားလာသည်ဟု ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဖော်ပြထားသည်။
ယခု အကူအညီသစ်တွင် ဟိုင်းမားဒုံးကျည်စနစ်အတွက် နောက်ထပ်ခဲယမ်းများပါဝင်သည်ဟု သီးခြားထုတ်ပြန်ချက်တစ်ခုတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
သမ္မတဂျိုးဘိုင်ဒင်၏အစိုးရ စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ယူကရိန်းသို့ပေးသည့် အမေရိကန်စစ်ရေးအကူအညီစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၈.၃ ဘီလျံရှိလာသည်ဟု ဘလင်ကင်က ဖော်ပြခဲ့သည်။
နောက်ဆုံးပံ့ပိုးမည့် စစ်ရေးအကူအညီတွင် တင့်ကားဖျက်လက်နက်များ၊ HARMs ဟုခေါ်သည့် ရန်သူရေဒီယိုလှိုင်းကို ထောက်လှမ်းခြေမှုန်းသည့် ဒုံးကျည်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများလည်း ပါဝင်မည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဝေဟင်မှ မြေပြင်ပစ် နည်းဗျူဟာမြောက် ဒုံးကျည်ဖြစ်သော HARM သည် ရန်သူ၏ ရေဒါတပ်ဆင်ထားသော ဝေဟင်ကာကွယ်ရေးစနစ်ကို ရှာဖွေပြီး ချေမှုန်းသော ဒုံးကျည်ဖြစ်သည်ဟု အမေရိကန်လေတပ်၏ တရားဝင်ဝက်ဆိုက်တွင် ဖော်ပြထားသည်။
“ယူကရိန်းပြည်သူတွေဟာ သူတို့့ရဲ့ လွတ်မြောက်ရေးနဲ့ လွတ်လပ်ရေးကို ထူးခြားသာလွန်တဲ့ သတ္တိ၊ အကန့်အသတ်မဲ့သန္နိဋ္ဌာန်တို့နဲ့ကာကွယ်နေတဲ့အနေအထားမှာ ကျွန်တော်တို့ဟာ အဲ့ဒီပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဘလင်ကင်က ဖော်ပြထားသည်။
“မိမိတို့ ပေးပို့နေတဲ့ စွမ်းရည်တွေဟာ စစ်မြေပြင်မှာ ယူကရိန်းအတွက် ထူးထူးခြားခြားလုပ်ဆောင်နိုင်စေဖို့ စနစ်တကျ စိစစ်ချိန်ကိုက် လုပ်ဆောင်ထားတာဖြစ်ပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဖော်ပြခဲ့သည်။
နေတိုးဌာနချုပ်တည်ရှိရာ ဘရပ်ဆဲလ်မြို့တွင် အမေရိကန်အပါအဝင် အနောက်မဟာမိတ်နိုင်ငံများမှ တာဝန်ရှိသူများက ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယူကရိန်းထံ လက်နက်များနှင့် လေကြောင်းကာကွယ်ရေးစနစ်များ ပံ့ပိုးပေးရန် သဘောတူခဲ့ကြသည်။
ပင်တဂွန်သည် ယူကရိန်းထံ ပိုမိုအားကောင်းသော NASAM လေယာဉ်ဖျက်ဒုံး ကျည်စနစ်များ ပံ့ပိုးပေးရန် ရည်ရွယ်ထားပြီး ဗြိတိန်ကလည်း အဆိုပါစနစ်များအတွက် ဒုံးကျည်များ ထောက်ပံ့ပေးမည်ဟု လွန်ခဲ့သော သီတင်းပတ်တွင် ကြေညာခဲ့သည်။
ထို့အပြင် ဗြိတိန်သည် ဟောင်ဝဇ္ဇာအမြောက် ၁၈ ခုကိုလည်းကောင်း၊ ဒရုန်းများကိုလည်းကောင်း ပေးပို့သွားမည်ဟု ဆိုသည်။
ထို့အပြင် ဂျာမနီနှင့် ပြင်သစ်တို့ကလည်း ယူကရိန်းထံ ဝေဟင်ကာကွယ်ရေးစနစ်များ အသီးသီးထောက်ပံ့ပေးမည်ဟု မကြာမီက ကတိပြုခဲ့ကြသည်။
ယူကရိန်းထံပံ့ပိုးပေးမည်ဟု ကတိပြုထားသည့် IRIS - T ဝေဟင်ကာကွယ်ရေးစနစ် လေးမျိုးထဲက ပထမအမျိုးအစားကို ဂျာမနီက ပေးပို့လိုက်သည်ဟု ဘာလင်တာဝန်ရှိသူက ပြောကြားသည်။














