ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင်လေးဦးကို သေဒဏ်ပေးမှုသည် မြန်မာနိုင်ငံတွင် သေဒဏ်ပေးမှုကို ဆိုင်းငံ့ထားခဲ့သည့် ၃၄ နှစ်တာသမိုင်းကို ပျက်သုဉ်းစေခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ပိုမိုပျက်ယွင်းစေခဲ့ဟု ဥရောပသမဂ္ဂ ထုတ်ပြန်

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင်လေးဦးကို သေဒဏ်ပေးမှုသည် မြန်မာနိုင်ငံတွင် သေဒဏ်ပေးမှုကို ဆိုင်းငံ့ထားခဲ့သည့် ၃၄ နှစ်တာသမိုင်းကို ပျက်သုဉ်းစေခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ပိုမိုပျက်ယွင်းစေခဲ့ဟု ဥရောပသမဂ္ဂ ထုတ်ပြန်
Published 10 October 2022

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်ပေးမှုသည် မြန်မာနိုင်ငံတွင် သေဒဏ်မှုကို ဆိုင်းငံ့ထားခဲ့သည့် (၃၄)နှစ်တာ ဂုဏ်ယူစရာသမိုင်းကို ပျက်သုဉ်းစေခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ပိုမိုပျက်ယွင်းစေခဲ့ကြောင်း ဥရောပသမဂ္ဂက အောက်တိုဘာ ၁၀ ရက်တွင်ထုတ်ပြန်သည်။

အောက်တိုဘာ ၁၀ ရက်တွင် ကျရောက်သည့် ဥရောပနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သေဒဏ်ဆန့်ကျင်ရေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂသည် အသက်ရှင်သန် နေထိုင်ခွင့်ကို ချိုးဖောက်သည့်ပြင်းထန်ရက်စက်ပြီး လူမဆန်သောပြစ်ဒဏ်ကို အချိန်အခါတိုင်းနှင့် အခြေအနေအရပ်ရပ်တွင် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းကို ထပ်လောင်းအတည်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ဦးဖြိုးဇေယျသော်၊ ဦးဂျင်မီ၊ ဦးအောင်သူရဇော်နှင့် ဦးလှမျိုးအောင်တို့ကို ၂၀၂၂ ခု နှစ် ဇူလိုင် ၂၃ ရက်တွင် ကွပ်မျက်ခဲ့မှုသည် မြန်မာနိုင်ငံတွင် သေဒဏ်ပေးခြင်းကို ဆိုင်းငံ့ထားခဲ့သည့် (၃၄)နှစ်တာဂုဏ်ယူစရာ သမိုင်းကြောင်းကို ပျက်သုဉ်းစေခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ပိုမိုပျက်ယွင်းစေခဲ့ကြောင်း ဥရောပသမဂ္ဂက ဆိုသည်။

ယခုအခါ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် သေဒဏ်ကွပ်မျက်စီရင်မှုပြုလုပ်သည့်နိုင်ငံပေါင်း (၁၈) နိုင်ငံအနက်မှ တစ်နိုင်ငံဖြစ်လာပြီး ကမ္ဘာအနှံ့ ထင်ရှားစွာလုပ်ဆောင်လျက်ရှိသည့် သေဒဏ်ဖျက်သိမ်းရေးကို ဆန့်ကျင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင်လေးဦး သေဒဏ်စီရင်ခဲ့ခြင်းသည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအခြအနေအရ မဖြစ်မနေ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ပြည်တွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအရမဖြစ်မနေ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ ထပ်ပြီးပြောချင်တာက သူတို့စွပ်စွဲနေသလို ဒါပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခဲ့တာမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခဲ့တာမဟုတ်ပါဘူး” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော၊ နစ်နာခဲ့ရသော ပြည်သူများကိုယ်စား တရားရုံးအဆင့်ဆင့်က လုပ်ထုံးလုပ်နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ တရားခံများကို ခုခံချေပခွင့်ပေးခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“နံပါတ် (၁) ဒါ ကျွန်တော်တို့ ခုခံချေပခွင့်ပေးခဲ့ပါတယ်။ ပြီးရင်သက်သေအထောက်အထားအပြည့်အစုံအပေါ် အခြေပြုဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒါပြည်တွင်းဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်အတည်ပြုချမှတ်ခြင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သော်လည်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတို့အတွက် တရားဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent