မြောက်ကိုရီးယားနှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

မြောက်ကိုရီးယားနှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်
စက်တင်ဘာ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းလွန်တွင် ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုတွင် အမေရိကန်နှင့် တောင်ကိီုရီးယားစစ်သင်္ဘောများကို တွေ့ရစဉ် (Photo : AFP)
စက်တင်ဘာ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းလွန်တွင် ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုတွင် အမေရိကန်နှင့် တောင်ကိီုရီးယားစစ်သင်္ဘောများကို တွေ့ရစဉ် (Photo : AFP)
Published 30 September 2022
Ref : Reuters

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့်ပတ်သက်ပြီး တင်းမာမှုများမြင့်တက်နေချိန်တွင် စက်တင်ဘာ ၃၀ က ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီး ယား၊ အမေရိကန်နှင့် ဂျပန်ရေတပ်တို့သည် သုံးပွင့်ဆိုင် ရေငုပ်သင်္ဘောဖျက်ဆီးရေး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။

ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက်ကမ်းလွန်ရေပြင်များတွင် ပြုလုပ်ခဲ့သည့် ယင်းစစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယား ရေငုပ်သင်္ဘောများ၏ မြင့်တက်နေသည့် ခြိမ်းခြောက်မှုများနှင့် ၎င်း၏ ရေငုပ်သင်္ဘောမှပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည် (SLBM) များအပါအဝင် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် မိမိတို့၏လုပ်နိုင်စွမ်းများကို မြှင့်တင်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားရေတပ်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုများသည် သုံးနိုင်ငံအကြား စစ်ဆင်ရေး၊ နည်းဗျူဟာနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြင့်တက်စေလိမ့်မည်ဟု အမေရိကန်ရေတပ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး တင်းမာမှုများရှိနေသည့်အချိန်တွင် ယင်းစစ်ရေးလေ့ ကျင့်မှုများသည် လွတ်လပ်ပြီး ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်နှင့် ဂျပန်ရေတပ်များက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသို့ အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟားရစ် ရောက်ရှိခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံ စစ်မဲ့ဇုန်သို့သွားရောက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၉ ရက် တွင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ် စင်းပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်တောင်ကိုရီးယားသမ္မတ မွန်းဂျေ အင်းအစိုးရလက်ထက်က မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို မြှင့်တင်ရန်ကြိုးပမ်းခဲ့ပြီး  အမေရိကန်နှင့် မြောက်ကိုရီးယားအကြား နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲများကို အဆင်ပြေချောမွေ့စေရန် ကြားဝင်စေ့စပ်ပေးခဲ့သဖြင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုများကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ပြုလုပ်ခဲ့ခြင်းမရှိဘဲ ယခုအကြိမ်သည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်ခြင်း ဖြစ်သည်။

ထို့ပြင် မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောသစ်တစ်စင်းကို ရေချရန် ပြင်ဆင်နေသည်ဟု အမေရိကန်အခြေစိုက် ကျွမ်းကျင်ပညာရှင်များအဖွဲ့က ပြောကြားခဲ့ပြီးနောက် ယင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုလအစောပိုင်းက မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်အသုံးပြုမှုဆိုင်ရာ ဥပဒေသစ် ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်က မဟာဗျူဟာမြောက် ပစ္စည်းများကို ဖြန့်ကြက်ချထားမည်ဟု ပြောကြားခဲ့ပြီး  တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုကလည်း အမေရိကန်၊ ဂျပန်တို့နှင့် သုံးပွင့်ဆိုင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent