ရည်ညွှန်းနိုင်ငံခြား​ငွေလဲလှယ်နှုန်း တစ်​ဒေါ်လာ ကျပ် ၂၁၀၀ အား ပြင်ဆင်ရန်မရှိဟု ဗဟိုဘဏ် တာဝန်ရှိသူ ​ပြောကြား

ရည်ညွှန်းနိုင်ငံခြား​ငွေလဲလှယ်နှုန်း တစ်​ဒေါ်လာ ကျပ် ၂၁၀၀ အား ပြင်ဆင်ရန်မရှိဟု ဗဟိုဘဏ် တာဝန်ရှိသူ ​ပြောကြား
Published 16 September 2022

မြန်မာနိုင်ငံ​တော် ဗဟိုဘဏ်အ​နေနှင့် သတ်မှတ်ထုတ်ပြန်ထား​သော ရည်ညွှန်းနိုင်ငံခြား​ငွေ လဲလှယ်နှုန်းဖြစ်သည့် တစ်​ဒေါ်လာလျှင် ကျပ် ၂၁၀၀ အား ပြင်ဆင်ရန်မရှိ​ကြောင်း ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦး​အောင်​အောင်က ​ပြောကြားသည်။

လူမှုကွန်ရက်တွင် ထွက်​ပေါ်​နေသည့် ပြည်ပ​ရောက် ​ရွှေ့​ပြောင်းအလုပ်သမားများ၏ နိုင်ငံခြား​ငွေဖြင့် ရရှိ​သော ​လစာ​ငွေများကို တစ်​ဒေါ်လာလျှင် ကျပ် ၃၀၀၀ ဖြင့် လဲလှယ်​​​ပေးမည်ဆို​သော သတင်းများနှင့်ပတ်သက်၍ ဦး​အောင်​အောင်က အထက်ပါကဲ့သို့ ​ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဗဟိုဘဏ်ရဲ့ ရည်ညွှန်း​ငွေလဲလှယ်နှုန်း ၂၁၀၀ ဟာ ပြင်ဆင်စရာအ​ကြောင်း မရှိပါဘူး။ အဲဒါကို လူမှုကွန်ရက်မှာ ​ကောလာဟလ​တွေနဲ့ လှုံ​ဆော်​နေတာမျိုး​တွေ ရှိ​နေပါတယ်”ဟု ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦး​အောင်​အောင်က ​ပြောကြားသည်။

၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်​​တွင် ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၂၂ ကို ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်​ကြေညာစာတွင် တစ်​ဒေါ်လာကိုကျပ် ၂၁၀၀ ဖြင့်လဲလှယ်ရန် သတ်မှတ်ထား​သည်။

 ပြည်ပသို့ သွား​ရောက်အလုပ်လုပ်ကိုင်​နေသည့် နိုင်ငံသားများ၏ နိုင်ငံခြား​ငွေဖြင့်ရရှိ​သော လုပ်ခ၊ လခစာ၊          သ​င်္ဘောသားများ၏ လစာ​ငွေများကို (၂၁)ရက်အတွင်း ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူသို့လွှဲပြောင်းခြင်း၊ ဘဏ်သို့ရောင်းချခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်​ကြောင်း မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ် သြဂုတ် ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၂၂ အရ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသော လုပ်ခ၊ လစာငွေနှင့်စပ်လျဉ်း၍ အဆိုပါနိုင်ငံခြားငွေကို (၂၁)ရက်အတွင်း ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူသို့လွှဲပြောင်းခြင်း၊ ဘဏ်သို့ရောင်းချခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်​​သည်။

ထို့ပြင် ဘဏ်များအနေဖြင့်လည်း ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသော လုပ်ခ၊ လစာငွေများကို သင့်တင့်မျှတသော ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူပေးလျက်ရှိကြောင်း ဗဟိုဘဏ်က ဆိုသည်။

Most Read

Most Recent