ရလဒ်ကိုခန့်မှန်းရန် စောလွန်းနေသေးသည်ဆိုသော်လည်း ယူကရိန်းတပ်ဖွဲ့များက ရုရှားတပ်များကို တန်ပြန်ထိုးစစ်ဆင်ရာတွင် သိသိသာသာတိုးတက်မှုရရှိခဲ့သည်ဟု စက်တင်ဘာ ၁၂ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။
“အထူးသဖြင့် အရှေ့မြောက်ပိုင်းမှာ ယူကရိန်းတွေက သိသိသာသာတိုးတက်မှုရရှိတာကို ကျွန်တော်တို့ မြင်ရတယ်ဆိုတာရှင်းနေပါတယ်။ ဒါဟာကျွန်တော်တို့ ပံ့ပိုးပေးခဲ့တဲ့ ထောက်ပံ့မှု အကျိုးရလဒ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့အရေးအကြီးဆုံးအချက်ကတော့ ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထူးခြားတဲ့ ဇွဲ၊ သတ္တိရဲ့ အကျိုးရလဒ်ကြောင့်ဖြစ်ပါတယ်” ဟု ဘလင်ကင်က မက္ကဆီကိုစီးတီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒါဟာ ဘယ်အခြေစိုက်မလဲဆိုတာကို တိတိကျကျပြောဖို့ စောလွန်းနေပါတယ်။ ရုရှားဟာယူကရိန်းမှာ အလွန်များပြားတဲ့ စစ်သားတွေကိုရော လက်နက်၊ ခဲယမ်းတွေနဲ့ ပစ္စည်းကိရိယာတွေကိုရော ဆက်လက်ထားရှိထားပါတယ်။ သူတို့ဟာ အဲ့ဒါတွေကို ယူကရိန်းတပ်ဖွဲ့တွေကိုသာမကအရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကိုပါ အရမ်းကာရောတိုက်ခိုက်ရာမှာ ဆက်လက်အသုံးပြုနေတယ်ဆိုတာ ကျွန်တော်တို့ မြင်ရပါတယ်” ဟု ဘလင်ကင်က ဖြည့်စွက်ပြောကြားခဲ့သည်။
အရှေ့မြောက်ပိုင်းရှိ ခါကိဗ်ဒေသတွင် လုပ်ဆောင်သည့် မိုးကြိုးတန်ပြန်ထိုးစစ်တွင် သိသာသော အောင်မြင်မှုများကို ရရှိသည်ဟု ယူကရိန်းက ပြောကြားခဲ့ပြီး တောင်ပိုင်းခါကိဗ်ဒေသတွင် သိသာထင်ရှားသော တိုးတက်မှုများကိုလည်း ရရှိခဲ့သည်ဟု ဆိုသည်။
ယူကရိန်းတပ်ဖွဲ့များသည် ယခုလတွင် ရုရှားထံမှ စတုရန်းကီလိုမီတာ ၆၀၀၀ (စတုရန်းမိုင် ၂၃၂၀) ကို ပြန်လည်သိမ်းယူခဲ့သည်ဟု စက်တင်ဘာ ၁၂ ရက်တွင် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်းတပ်သားများသည် လွန်ခဲ့သော ၂၄ နာရီအတွင်းတွင် နယ်မြေများကို ပိုမိုသိမ်းပိုက်ခဲ့သည်ဟု စက်တင်ဘာ ၁၂ ရက်တွင် ယူကရိန်းအစိုးရက ပြောကြားခဲ့ပြီး ယခုလအတွင်းတွင် မြို့တော်ကိယက်ဗ်အရွယ်အစားထက် ခုနစ်ဆကြီးသော နယ်မြေကို ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းသို့သော အနေအထားတွင် ရုရှားက ယူကရိန်းပြန်လည်သိမ်းပိုက်ထားသော နယ်မြေများကို တုံ့ပြန်တိုုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
သီတင်းပတ်ကုန်နှစ်ရက်ဖြစ်သော စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ရုရှားတပ်ကိုု တိုက်ခိုက်ခဲ့ရာတွင် စစ်ရေးအောင်မြင်မှုအသစ်များ ရရှိခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့ပြီး စက်တင်ဘာ ၁၁ ရက်ညပိုင်းတွင် အီဇူမ်မြို့ လွတ်မြောက်သွားပြီဟု ၎င်းက ကြေညာခဲ့သည်။
နယ်မြေများဆုံးရှုံးသွားသည်ဟု မော်စကိုကန်ခဲ့သည်။ မြို့ကြီးတစ်မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု ယူကရိန်းက အတည်ပြုခြင်းမှာ ယူကရိန်းအရှေ့ပိုင်းတွင် ရုရှား၏ စစ်ရေးရည်မှန်းချက်များအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။














