မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုတွင် စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ သြဂုတ်လအတွင်း ပို့ကုန်တန်ဖိုးဒေါ်လာ ၂ ဒသမ ၅၈ သန်းတင်ပို့ခဲ့ပြီး သွင်းကုန်တင်သွင်းမှုမရှိခဲ့

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုတွင် စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ သြဂုတ်လအတွင်း ပို့ကုန်တန်ဖိုးဒေါ်လာ ၂ ဒသမ ၅၈ သန်းတင်ပို့ခဲ့ပြီး သွင်းကုန်တင်သွင်းမှုမရှိခဲ့
စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-RSCCI)
စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-RSCCI)
Published 13 September 2022

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုတွင် စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းပို့ကုန်တန်ဖိုးဒေါ်လာ ၂ ဒသမ ၅၈ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်တင်သွင်းမှုမရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) မှ သိရသည်။

မောင်တောနယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ  ၁ ဒသမ ၄၈ သန်းနှင့် စစ်တွေနယ်စပ်မှ ပို့ကုန်ဒေါ်လာ ၁ ဒသမ ၀၉၉ သန်းတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ပို့ကုန်များအနက် ရေထွက်ပစ္စည်းတင်ပို့မှုမှာ အများဆုံးဖြစ်သည်။

လက်ရှိကာလအတွင်း စစ်တွေ-မောင်တောသို့ ကုန်ပစ္စည်းတင်ပို့ရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ရာသီဥတုမကောင်းမွန်ခြင်းတို့ကြောင့် မောင်တောနယ်စပ်ကုန်သွယ်မှုတန်ဖိုး ကျဆင်းလျက်ရှိနေပြီး လုပ်ငန်းရှင်များအနေဖြင့် စစ်တွေဖက်မှ ပို့ကုန်တင်ပို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မေလအတွင်း စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုမှ ကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၆ သန်းရရှိခဲ့ပြီး ဧပြီလထက် ပို့ကုန်ဒေါ်လာ ခုနစ်သိန်းကျော် ကုန်သွယ်မှုပိုမိုခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါကုန်သွယ်ရေးစခန်းနှစ်ခုမှ ဧပြီလအတွင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၂ ဒသမ ၈၆ သန်းကုန်သွယ်မှုပြုလုပ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် မေလအတွင်း ကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၆ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့သဖြင့် ယခင်လထက် ပို့ကုန်ခုနစ်သိန်းကျော် ကုန်သွယ်မှုပိုမိုခဲ့သည်။

မေလအတွင်း၌ ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနဖ်ဆိပ်ကမ်းသို့ မြန်မာဘက်မှ ပို့ကုန်တန်ချိန် ၇၃၁၀၊ ဒေါ်လာ ၃၅၆၅၇၀၈ ရရှိခဲ့ပြီး သွင်းကုန်စုစုပေါင်း ၉၅၄၀ ဒေါ်လာဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။

ရေထွက်ပစ္စည်းပို့ကုန်ဒေါ်လာ ၁ ဒသမ ၉ သန်းကျော် တင်ပို့ခဲ့ပြီး မေလကုန်သွယ်မှုပို့ကုန်ပမာဏ၏ ၅၅ ရာခိုင်နှုန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း၊ ရန်ကုန်/ဧရာဝတီတိုင်းရှိ မွေးမြူရေးကန်ထွက်ငါးတစ်မျိုးဖြစ်သော ငါးမြစ်ချင်းငါးတင်ပို့မှုမှာ တန်ချိန် ၁၅၀၀ ကျော် (ဒေါ်လာ ၁ ဒသမ ၈၁ သန်း) တင်ပို့နိုင်ခဲ့ကြောင်း၊ ရခိုင်ဒေသထွက် ကွမ်းသီး၊ လဲ့မှို၊ အုန်းဆီ၊ ဒညင်းသီး၊ ငါးမုတ်၊ ငါးနီတူခြောက်၊ ငါးစုံကလေးခြောက်၊ ငါးကုန်ညိုခြောက်တို့အပြင် တံမျက်စည်းအကြမ်းစသည်တို့ကို တင်ပို့ခဲ့ပြီး မြန်မာနိုင်ငံ၏အခြားတိုင်းနှင့်  ပြည်နယ်များမှ ထွက်ရှိ/ထုတ်လုပ်သော ဇီးယိုထုတ်၊ ဂျင်း(အစို)၊ ကြက်သွန်၊ ကုလားပဲ၊ ဇီးသီးခြောက်၊ မကျည်းစေ့၊ ဖိနပ်၊ ချည်လုံချည်၊ သနပ်ခါးခဲ၊ ကော်ဖီမစ်၊ နေကြာစေ့နှင့် ခေါက်ဆွဲခြောက်တို့ကို တစ်ဖက်နိုင်ငံနယ်စပ်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။

သွင်းကုန်ပမာဏအနည်းငယ်သာ ဆောင်ရွက်နိုင်ပြီး စစ်တွေကုန်သွယ်ရေးစခန်းသို့ တီရှပ်အထည် ၅၀၀၀ နှင့် မောင်တောနယ်စပ်စခန်းသို့ ဒန်ရေအိုးခွက်၊ PVC ပိုက်ရွယ်စုံ၊ ပလတ်စတစ်ရေတိုင်ကီနှင့် လက်နှိပ်ရေတုံ ကင်များ စသည်တို့ကို တင်သွင်းခဲ့သည်။

၂၀၂၁-၂၀၂၂  (Mini Budget) ခြောက်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုမှ ကုန်သွယ်မှုဒေါ်လာ ၃၈ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (MiniBudget) အောက်တိုဘာ ၁ ရက်မှ မတ် ၃၁ ရက်အထိ ခြောက်လအတွင်း စစ်တွေနယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၁  ဒသမ ၂၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၅ ဒသမ ၅၂၉ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၆ ဒသမ ၇၄၄ သန်းရရှိခဲ့သည်။ မောင်တောနယ်စပ်မှ ပို့ကုန်ဒေါ်လာ ၁၁ ဒသမ ၇၂၇ သန်း၊ သွင်းကုန်ဒေါ်လာဝ ဒသမ ၀၆၃ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၇၉၀ သန်းရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တော ကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့ကို COVID-19 တတိယလှိုင်းကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်မှစ၍ ပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည်။

Most Read

Most Recent