မရဏအုပ်စုထဲက ၈ ဂိုး တစ္ဆေ

မရဏအုပ်စုထဲက ၈ ဂိုး တစ္ဆေ
Photos: AFP, Getty Images
Photos: AFP, Getty Images
Published 13 September 2022
Wai Yan Aung

လိဂ်အလိုက် ရာသီအဖွင့် ဖြတ်သန်းမှုတွေကို နှိုင်းယှဉ်ကြည့်ရင်တော့ ဘိုင်ယန်မြူးနစ်ရော ဘာစီလိုနာပါ တည်တည်ငြိမ်ငြိမ်ရှိနေတယ်လို့ ဆိုရမှာပါ။ အမှတ်လျော့ပွဲတချို့ ရှိခဲ့ပေမဲ့ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ဆဲဖြစ်ပြီး အပြောင်းအလဲများစွာ ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာအသင်းကတော့ ပိုအားရစရာကောင်းနေသလိုပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း အရှိန်အဝါလျော့ကျလာတဲ့ ဘာစီလိုနာအသင်းကို အထင်တကြီးရှိသူတော့ နည်းပါးလာပါတယ်။ ဇာဗီရဲ့ ဦးဆောင်မှုအောက်မှာ ဘယ်လောက်အထိ တောက်ပလာမလဲဆိုတာ စောင့်ကြည့်ရမယ့်အဆင့်လို့သာ သတ်မှတ်ထားကြတာပါ။ ဒီလိုအခြေအနေမှာ ကံကြမ္မာက ဘာစီလိုနာအသင်းကို မျက်နှာသာမပေးခဲ့ဘူး။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကျပ်တည်းဆုံး မရဏအုပ်စုထဲ ကျရောက်ခဲ့ပါတယ်။ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်၊ အီတလီထိပ်သီး အင်တာမီလန်တို့နဲ့ အားပြိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီထက်တောင် ပိုကျပ်တဲ့အုပ်စုပါ။ ပြီးခဲ့တဲ့ရာသီနဲ့ နှိုင်းယှဉ်ရတာကတော့ အခုလောက်မကျပ်တဲ့ အုပ်စုထဲမှာ ဘာစီလိုနာအသင်း ကျရှုံးခဲ့ပြီး အုပ်စုတတိယနေရာနဲ့ ယူရိုပါလိဂ်ဘက် ကူးပြောင်းယှဉ်ပြိုင်ခဲ့ရတာကြောင့်ပါပဲ။ ပြီးတော့ အဲဒီတုန်းက ဘာစီလိုနာအသင်းကို အဓိကထိုးနှက်ခဲ့တာကလည်း အမြဲဒုက္ခပေးနေကျ ဘိုင်ယန်မြူးနစ်အသင်းပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းအတွက် ကြောက်စရာအကောင်းဆုံးပြိုင်ဘက်က ဘိုင်ယန်မြူးနစ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘိုင်ယန်မြူးနစ်နဲ့ (၁၁)ပွဲ ဆုံတွေ့ခဲ့ရာမှာ (၈)ပွဲအထိ ရှုံးနိမ့်ပြီး (၂)ပွဲသာ အနိုင်ရခဲ့တာကြောင့်ပါ။ အဆိုးရွားဆုံးကတော့ (၂-၈)ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ဖူးတာဖြစ်ပြီး ဒီရလဒ်ကတော့ ဘာစီလိုနာအသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်ဆိုတဲ့အမည်ကို ကြားရတိုင်း၊ ချန်ပီယံလိဂ်ဆိုတဲ့အသံကို ကြားရတိုင်း ခြောက်လှန့်နေမယ့် တစ္ဆေတစ်ကောင် ဖြစ်နေပါလိမ့်မယ်။

 

Most Read

Most Recent