စက်တင်ဘာ ၆ ရက် ပြင်ပစျေးကွက်တွင်  ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၃၁၅၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၁၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့

စက်တင်ဘာ ၆ ရက် ပြင်ပစျေးကွက်တွင်  ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၃၁၅၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၁၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့
Published 6 September 2022

စက်တင်ဘာ ၆ ရက် ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၃၁၅၀၀၀၀  ဝန်းကျင် ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၁၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

နေပြည်​တော်ရှိ ​ကျောက်မျက်ရတနာပြတိုက်တွင် ​ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းခွဲဖြင့် မှတ်ပုံတင်မူရင်းပြသ၍ စက်တင်ဘာ ၅ ရက်မှစတင်၍ လူတစ်ဦးလျှင် ရွှေဒင်္ဂါးပြားတစ်ပြားနှုန်း ဝယ်ယူနိုင်​ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့က ​ဖြေကြားထားသည်။

နေပြည်​တော်တွင် ​ရွှေဒင်္ဂါးပြားများ ​ရောင်းချ​ပေး​နေသည်ဆို​သောသတင်းနှင့် ပတ်သက်၍ နစကသတင်းထုတ်ပြန်​ရေးအဖွဲ့ထံ မီဒီယာများ၏ မေးမြန်းမှု​အ​ပေါ်သတင်းထုတ်ပြန်​ရေးအဖွဲ့က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားချက်အရ စက်တင်ဘာ ၅ ရက်မှ စတင်၍ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သားအလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ကျောက်မျက်ရတနာပြတိုက် နေပြည်တော်တွင် ရွှေစင်တစ်ကျပ်သားလျှင် ၂၉ သိန်း ၅ သောင်းကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ​​ကြောင်း သိရသည်။

အထက်ပါရွှေဒင်္ဂါးပြားများ ​​ရောင်းချသည့်နေရာတွင် ဝယ်ယူသူတစ်ဦးလျှင် ရွှေဒင်္ဂါးပြားတစ်ပြားနှုန်းအား မှတ်ပုံတင်မူရင်း ပြသ၍ လွတ်လပ်စွာဝယ်ယူနိုင်ကြောင်းလည်း နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့က ဖြေကြားထားသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်ရန်  ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာအရောင်း အဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

လက်ရှိတွင် ရွှေအရောင်းဆိုင်များတွင် အဆိုပါသတ်မှတ်စျေးနှုန်းအား အရောင်းဘောက်ချာတွင် သာရေး၍ရောင်းချခြင်းဖြစ်ပြီး လက်တွေ့ဝယ်ယူရာတွင် ပြင်ပပေါက်စျေးဖြင့်သာ ပေးချေဝယ်ယူနေရခြင်းဖြစ်သည်။

Most Read

Most Recent