‘ပီသုံးလုံး’နှင့် စီမံခန့်ခွဲမှု

‘ပီသုံးလုံး’နှင့် စီမံခန့်ခွဲမှု
Published 24 August 2022

မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ မိမိလုပ်ငန်းအား အောင်မြင်စေလိုပါက မဖြစ်မနေရှေးရှုအပ်သော အဓိကအရာသုံးမျိုးရှိ၏။ “ပီသုံးလုံး”ဟု အလွယ်မှတ်ယူနိုင်သော ယင်းအဓိကအရာသုံးမျိုးမှာ လူ (People)၊ လုပ်ငန်းစဉ် (Process)နှင့် ထွက်ကုန်/ရလဒ် (Product) ဖြစ်လေ၏။ အဆိုပါ ပီသုံးလုံးသည် မိမိလုပ်ငန်းက လုပ်ဆောင်သမျှအရာရာအတွက် အခြေခံအုတ်မြစ်များအဖြစ် ဆောင်ရွက်ပေးသောကြောင့် မိမိ၏အားထုတ်မှုများအတွက် အမြင့်ဆုံးတုံ့ပြန်မှုကိုပေးနိုင်သည့်အရာများဟု ခေါ်ဆိုအပ်၏။ အမြင့်ဆုံးအောင်မြင်မှုကိုရရှိရန်အလို့ငှာ မိမိ၏ ပီသုံးလုံးကို မည်သို့မည်ပုံ စီမံခန့်ခွဲရမည်ကို နားလည်သိရှိရန် မည်မျှအရေးကြီးသည်မှာ ဆိုဖွယ်ရာမရှိ။ သို့သော် “ဆိုရေးရှိက ဆိုအပ်လှ၏”ဆိုသကဲ့ သို့ ပီသုံးလုံးအကြောင်း အနည်းငယ်မျှစီ မိတ်ဆက်တင်ပြလိုပါသည်။ ပီသုံးလုံးကို ပိုမိုကောင်းမွန်အောင် မည်သို့မည်ပုံစီမံခန့်ခွဲနိုင်သည်ကိုလည်းကောင်း၊ ယင်းသဘောတရား၌ “ဝန်းကျင်” (Environment) က မည်သည့်အခန်းကဏ္ဍမှ ပါဝင်သည်ကိုလည်းကောင်း အမြင်တစ်ရပ် ရရှိစေရန် ရည်ရွယ်ပါသည်။

လူ (People) - မိမိတစ်ဦးတည်း ဦးဆောင်လုပ်ကိုင်သည်ပင်ဖြစ်စေ၊ ဒီဂျစ်တယ်နည်းလမ်းဖြင့် လုပ်ကိုင်သည်ပင်ဖြစ်စေ လူများသည် မိမိ၏လုပ်ငန်း၌ မဖြစ်မနေ ပါဝင်ပတ်သက်နေသည်သာဖြစ်သည်။ လုပ်ငန်းခွင်၌ရှိနေသော ဝန်ထမ်းများဖြစ်စေ၊ အဝေးရောက် အလွတ်တန်းဝန်ဆောင်မှုပေးသူများဖြစ်စေ မိမိ၏ “လုပ်သားအင်အား” (Workface) ၌ အကျုံးဝင်ပါ၏။ သို့သော် မိမိလုပ်ငန်းချောမွေ့အောင် ထိန်းထားနိုင်ရေး၌လိုအပ်သော အခြားပတ်သက်ဆက်နွှယ်ရာအားလုံးသည်လည်း People ထဲ၌ အကျုံးဝင်သည်သာဖြစ်၏။ ယင်းတို့တွင် ဖောက်သည်များ(Customers)၊ တစ်ဆင့်ခံဆောင်ရွက်ပေးသူများ (Vendors)၊ ထောက်ပံ့သူများ (Suppliers)၊ အကြံပေးသူများ (Advisers)၊ မိတ်ဖက်များ (Partners) နှင့် ရင်းနှီးမြှုပ်နှံသူများ (Investors) တို့အားလုံး အကျုံးဝင်ပါသည်။ ပီသုံးလုံး သုံးပွင့်ဆိုင်၌ People သည် ပထမအဖြစ် ဦးစွာလာရခြင်းမှာလည်း အကြောင်းရှိပါ၏။ ယင်းပါဝင်ပတ်သက်သူများ မရှိပါက မိမိ၏လုပ်ငန်းမှာ “လိပ်ပက်လက်လန်” ယက်ကန် ယက်ကန်ဖြင့် ပျောက်သောလမ်းမှာ စမ်းတဝါးဝါးဖြစ်နေမည်မှာ သေချာသောကြောင့်ပင်။ ယင်းဆက်နွှယ်ပတ်သက်ရာများကို မှန်ကန်စွာမွေးမြူတည်ထောင်ခြင်းသည် အချိန်၊ အားထုတ်မှုနှင့် ငွေကြေးတို့ ပေးအပ်ခဲ့ရကျိုးနပ်စေမည်ဖြစ်၏။

လုပ်ငန်းစဉ် (Process) - လုပ်ငန်းစဉ်ကို အတိုင်းအတာကျယ်ပြောသော သဘောတရားတစ်ရပ်အဖြစ် ရှုမြင်ကြည့်ပါက သက်ဆိုင်ရာလုပ်ငန်းတာဝန်တစ်ရပ်ကို ပြုလုပ်ရာ၌ မိမိလုပ်ငန်း၏ လုပ်ဆောင်ချက်မှန်သမျှပင်ဖြစ်သည်။ မည်သည့်အရွယ်အစားရှိသော လုပ်ငန်းပင်ဖြစ်စေ များပြားသောလုပ်ငန်းစဉ်တို့ ရှိသည်သာဖြစ်၏။ ဥပမာအားဖြင့် ဝန်ဆောင်မှုတစ်ခုကို ဖြန့်ဝေခြင်း၊ ထွက်ကုန်တစ်ခုကို ဖန်တီးခြင်း၊ အရောင်းတင်ဆက်မှုတစ်ခုကို ပြုလုပ်ခြင်း၊ အရေးပေါ်ကိစ္စရပ်များကို တုံ့ပြန်ခြင်း၊ ဖုန်းခေါ်ဆိုမှုများကို ဖြေကြားခြင်း၊ ဖောက်သည်များကို အချက်အလက်များပေးခြင်းနှင့် ထောက်ပံ့ပေးမှုလမ်းကြောင်းများကို လက်ဝယ်ထိန်းထားခြင်းအစရှိသည်တို့ ပါဝင်သည်။ လုပ်ငန်းစဉ်တစ်ရပ်၊ လုပ်ဆောင်ချက် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သည့်အခါ ဦးနှောက်ခြောက်ခံရကျိုးနပ်စေရန် ပြဿနာဖြေရှင်းရေးအစီအစဉ်ချမှတ်ရာ၌ လူတိုင်းလိုက်ပါဆောင်ရွက်နိုင်အောင် ပြုလုပ်ရမည်ဖြစ်သည်။  လုပ်ငန်းစဉ်တစ်ရပ်ကို  ချမှတ်ရာ၌ “ငါတို့ ‘က’ ကို ဘယ်လိုလုပ်မလဲ”၊

“ငါတို့ ‘ခ’ကို ဘယ်အချိန်လုပ်မလဲ”နှင့် “ငါတို့ ‘ဂ’ ကို ဘာကြောင့် လုပ်သလဲ”ဟူသည့် မေးခွန်းများအား ဖြေဆိုပြီးသားဖြစ်ရပါမည်။ သို့မှသာလျှင် မိမိ၏လုပ်ငန်းမှာ မိမိကိုယ်တိုင် မရှိစေကာမူ ထိရောက်စွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထွက်ကုန် (Porduct) - မိမိ၏ထွက်ကုန်ဟူသည် မိမိ၏လုပ်ငန်းက ပေးအပ်ရမည့်အရာ ဖြစ်သည်။ ယင်းသည်သာ မိမိအနေဖြင့် မိမိ၏လက်ထဲ၌ကိုင်လျက် လက်ဝယ်ပိုင်ပိုင် လက်ဆုပ်လက်ကိုင်ပြနိုင်မည့်အရာ ဖြစ်နိုင်၏။ သို့တည်းမဟုတ် ရလဒ်အရ မြင်သာသည့် တစ်ခုတည်းသောဝန်ဆောင်မှုဖြစ်နိုင်၏။ မိမိ၏အမှတ်တံဆိပ်နှင့် မိမိ၏ပုံရိပ်တို့ အပါအဝင် မိမိ၏ထွက်ကုန်ဟူသည် မိမိ၏လုပ်ငန်းနှင့်ပတ်သက်၍ အမြင်သာဆုံးအစိတ်အပိုင်းလည်း ဖြစ်သည်။ မည်သည့်ဘောလုံးအသင်းသည် မည်သည့်ဘောလုံးအသင်းကို “ဂိုးမည်မျှ” (ရလဒ်) ဖြင့် နိုင်သွားသနည်းကသာ မြင်သာပေသည်။ အမှန်တကယ်၌ People ၊ Process နှင့် Product တို့က စနစ်တစ်ရပ်အဖြစ် ရှိနေပြီး ရလဒ်မတိုင်မီ ပီသုံးလုံးတို့က တစ်လုံးစီအနေဖြင့် သီးခြားအစိတ်အပိုင်းများအဖြစ် ပါဝင်ပတ်သက်နေမှုကို ရှုမြင်ခြင်းကသာ လက်တွေ့ကျပေလိမ့်မည်။

လူက လုပ်ငန်းစဉ်ကို ကျားကန်ပေးပါ၏။ လုပ်ငန်းစဉ်က ထွက်ကုန်/ရလဒ်ကို ကျားကန်ပေးပါ၏။ ထွက်ကုန်/ရလဒ်က လူကို တစ်ဖန် ပြန်ကျားကန်ပေးပါ၏။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီသာ ဖြစ်ချေသည်။ ယင်းဖြစ်စဉ်အတိုင်း ရှေ့သို့ ဆက်ကာဆက်ကာသွားနေသည့် လိမ်ယှက်ဆက်စပ်ပတ်သက်လျက်ရှိသည့် စနစ်တစ်ရပ်၌ မှန်မှန်ကန်ကန်စီမံခန့်ခွဲနိုင်ပါက အောင်မြင်မှုတည်းဟူသော ဂရပ်မျဉ်းသည် အပေါ်သို့သာ ဆက်လက်ထောင်တက်နေမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent