ပါတီ ၂၃ ပါတီမှ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် နိုင်ငံရေးရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးအား နိုင်ငံရေးပင်စင် ချီးမြှင့်ငွေများ ပေးအပ်

ပါတီ ၂၃ ပါတီမှ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် နိုင်ငံရေးရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးအား နိုင်ငံရေးပင်စင် ချီးမြှင့်ငွေများ ပေးအပ်
Published 16 August 2022

ပါတီ ၂၃ ပါတီမှ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် နိုင်ငံရေးရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးအား နိုင်ငံရေးပင်စင် ချီးမြှင့်ငွေများ ပေးအပ်ကြောင်း သြဂုတ် ၁၆ ရက်ညပိုင်း MRTV သတင်းကြေညာချက်အရ သိရသည်။

ကြေညာချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)အရ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကိုသယ်ပိုးထမ်းဆောင်ကြရသည့် လုပ်ငန်းတာဝန်နှင့်လျော်ညီသော ချီးမြှင့်ငွေနှင့် စရိတ်များကို ဥပဒေနှင့်အညီ ချီးမြှင့်ပေးလျက်ရှိကြောင်း ပါရှိသည်။

အဆိုပါပုဂ္ဂိုလ်များသည် သက်တမ်းကာလအပြည့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပါက ဥပဒေအရရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိကြေင်း၊ ထို့ကြောင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံရေးရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ပြုနိုင်ရန် တင်ပြလျှောက်ထားလာမှုများအား သက်ဆိုင်ရာဌာနများနှင့် လွှတ်တော်ရုံးများက လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလာမှုအပေါ် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံရေးရာထူးရရှိခဲ့သူ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် ကိုးဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ် ၅၀ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈၈ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၉၂ ဦး၊ စုစုပေါင်း ၄၉၁ ဦးအား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်များကို ခံစားခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထိုသို့ချီးမြှင့်ခဲ့သည့် နိုင်ငံရေးရာထူးရရှိခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ငါးဦး၊ တအောင်း(ပလောင်)အမျိုးသားပါတီမှ ခြောက်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၉၈ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၁၇ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၄၃ ဦး၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ သုံးဦး၊ ရခိုင်အမျိုးသားပါတီမှ ၃၉ ဦး၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ လေးဦးစီ၊ မွန်အမျိုးသားပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီတို့မှ နှစ်ဦးစီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ကရင်ပြည်သူ့ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရက်တစ်ပါတီမြန်မာ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ တစ်ဦးစီ၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ၄၃ ဦး၊ တစ်သီးပုဂ္ဂလ သုံးဦး၊ စုစုပေါင်း ၄၉၁ ဦးဖြစ်ကြောင်း သိရသည်။

၎င်းတို့အား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ခဲ့ရာ ယနေ့ထိ ငွေကျပ်သန်းပေါင်း ၄၀၄၀ သန်းကျော်အား ခံစားခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ခံစားခွင့်ရရှိနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း MRTV သတင်းကြေညာချက်အရ သိရသည်။

 

Most Read

Most Recent