ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်သည့် စီရင်ချက်သည် တရားမျှတမှုမရှိဟု ဥရောပသမဂ္ဂက ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်သည့် စီရင်ချက်သည် တရားမျှတမှုမရှိဟု ဥရောပသမဂ္ဂက ရှုတ်ချ
Published 16 August 2022
Ref:The Business Times

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်သည့် စီရင်ချက်သည် တရားမျှတမှုမရှိဟုဆိုကာ ဥရောပသမဂ္ဂက သြဂုတ် ၁၅ ရက်တွင် ရှုတ်ချခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရယ်က ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ခြောက်နှစ် စီရင်ချက်ချခဲ့သည့် မြန်မာတရားရုံးကို သြဂုတ် ၁၅ ရက်တွင် ရှုတ်ချခဲ့ပြီး ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဖြုတ်ချခံရသော အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနောက်ဆုံး ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် စုစုပေါင်းအပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၇ နှစ်ရှိသွားပြီဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ခြောက်နှစ် ထောင်ဒဏ်ချမှတ်တဲ့ မတရားတဲ့ ပြစ်ဒဏ်ကို ကျွန်တော် ရှုတ်ချပါတယ်” ဟု ဘော်ရယ်က “ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်” မြန်မာအစိုးရအား တောင်းဆိုရင်း Twitter တွင် ရေးသားခဲ့သည်။

“နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး ပြည်သူများ၏ ဆန္ဒကိုလေးစားရန်” လည်း ၎င်းက မြန်မာနိုင်ငံ၏ နစကအစိုးရအဖွဲ့အား တိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အကျင့်ပျက်ခြစားမှု၊ တပ်မတော်ကို ဆန့်ကျင်ရန်လှုံ့ဆော်မှု၊ COVID-19  စည်းမျဉ်းများကို ချိုးဖောက်မှုနှင့် ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရပြီးဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က ၎င်း၏အစိုးရအဖွဲ့ကို ဖြုတ်ချကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီကာလတိုကို အဆုံးသတ်လိုက်ပြီးနောက် အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတို့အပါအဝင် စွဲချက်များစွာကို ဆက်တိုက်ရင်ဆိုင်နေရပြီး စွဲချက်အားလုံးအတွက် ပြစ်မှုထင်ရှားပါက သူသည် ဆယ်စုနှစ်များချီလျက် ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent