ရဟတ်ယာဉ် ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူကို စစ်​ဆေး

ရဟတ်ယာဉ် ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူကို စစ်​ဆေး
Published 16 August 2022

ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ​ဒေဖြင့် တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင်မှ ဦး​အောင်ခန့်ကို သြဂုတ် ၁၆ ရက်က ​နေပြည်တော်အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

ယ​င်းရုံးချိန်းတွင် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက်ရာဇဝတ်ကြီးအမှုအမှတ် ၄၉အတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင်မှ ဦးအောင်ခန့်အား စစ်​ဆေးခဲ့​ကြောင်း သိရသည်။

အထက်ပါအမှုသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းကြောင့် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အကြောင်းပြ၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ​ငွေကြေးပေးချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများ​ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့သည့်အတွက် ဦးဝင်းမြင့်နှင့် ​​ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်​ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​ကြောင်း သိရသည်။

ဦးဝင်းမြင့်နှင့် ​ဒေါ်​​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့်အမှုများအား ​​သြဂုတ် ၂၂ ရက်တွင် ရုံးထုတ်စစ်​ဆေးရန် ထပ်မံချိန်းဆိုထား​ကြောင်း သိရသည်။

Most Read

Most Recent