ကင်းလွတ်ခွင့်ပြုထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော ဝင်ငွေပမာဏ၏ ၁၀၀ ရာခိုင်နှုန်းအား ပြန်လည်ရောင်းချခွင့်ပြုကြောင်း ဗဟိုဘဏ် ထုတ်ပြန်

ကင်းလွတ်ခွင့်ပြုထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော ဝင်ငွေပမာဏ၏ ၁၀၀ ရာခိုင်နှုန်းအား ပြန်လည်ရောင်းချခွင့်ပြုကြောင်း ဗဟိုဘဏ် ထုတ်ပြန်
Published 16 August 2022

ဒေါ်လာမှ ကျပ်ငွေသို့ လဲလှယ်မှုမှ ကင်းလွတ်ခွင့်ပြုထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော ဝင်ငွေပမာဏ၏ ၁၀၀ ရာခိုင်နှုန်းအား ပြန်လည်ရောင်းချခွင့်ပြုကြောင်း သြဂုတ် ၁၅ ရက်စွဲဖြင့်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ရည်ညွှန်းချက်(၁)ပါ အမိန့်ကြော်ငြာစာမှ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများနှင့်စပ်လျဉ်း၍ အဆိုပါကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အနေဖြင့် မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များအနေဖြင့် မိမိထံတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသည့် ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော ဝင်ငွေနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ညွှန်ကြားထားသည်။

ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော ဝင်ငွေပမာဏ၏ ၁၀၀ ရာခိုင်နှုန်းအား ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းစသည့် Transaction များကို ဆောင်ရွက်ပေးရန် တင်ပြလာပါက ဆောင်ရွက်ပေးရန် ညွှန်ကြားထားသည်။

ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ထံမှ နိုင်ငံခြားငွေ ဝယ်ယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အား ၎င်းတို့ဝယ်ယူထားသည့်နိုင်ငံခြားငွေကို  မိမိကိုယ်တိုင်အတွက်သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်များသို့ ပြန်လည်ရောင်းချခြင်းကိုသာ ဝယ်ယူသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ပေးရန် ညွှန်ကြား ထားသည်။

ကင်းလွတ်ခွင့်ပြုထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်က ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော်ဆောင်ရွက်သည့် cross borer transaction ကိုလည်းကောင်း၊ ၎င်းတို့ထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော်ဆောင်ရွက်သည့် cross borer transaction ကိုလည်းကောင်း၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ရယူရန်မလိုဘဲ ဆောင်ရွက်နိုင်သည်။

သို့သော်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားသည့်အတိုင်း electronic reporting system ဖြင့် သတင်းပေးပို့ရမည်ဖြစ်သဖြင့် AD လိုင်စင်ရဘဏ်များအနေဖြင့် ဝီရိယပြု၍ (due Diligence) စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

Most Read

Most Recent