လေးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ Business Visa အပါအဝင် ဗီဇာအမျိုးအစားအလိုက် နိုင်ငံခြားသားခရီးသွား နှစ်သောင်းကျော် ဝင်ရောက်ခဲ့

လေးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ Business Visa အပါအဝင် ဗီဇာအမျိုးအစားအလိုက် နိုင်ငံခြားသားခရီးသွား နှစ်သောင်းကျော် ဝင်ရောက်ခဲ့
Published 15 August 2022

လေးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ Business Visa အပါအဝင် ဗီဇာအမျိုးအစားအလိုက် နိုင်ငံခြားသားခရီးသွားနှစ်သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်ခဲ့သည့်နိုင်ငံခြားသားခရီးသွားများမှာ ထိုင်း၊ ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ အမေရိကန်၊ ထိုင်ဝမ်၊ သီရိလင်္ကာနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်နိုင်ငံခြားသားများအား စတင်လည်ပတ်ခွင့်ပြုပေးခဲ့သည့်ကာလမှ စတင်ပြီး သုံးလတာအတွင်း ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသွား သုံးထောင်ကျော်ရှိကြောင်း သိရသည်။

ကမ္ဘာလှည့်ဗီဇာအား၂၀၂၂ ခုနှစ် မေ ၂၀ ရက်မှ စတင်ခွင့်ပြုပေးခဲ့ပြီး သြဂုတ် ၁၂ ရက်အထိ ရန်ကုန်လေဆိပ်တစ်ခုတည်းမှ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်လာသည့် ခရီးသွား သုံးထောင်ကျော်ရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့်ခရီးသွားများအားလုံး COVID-19 ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးမှသာ ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်မှစတင်ကာ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ သြဂုတ် ၁ ရက်မှစတင်ကာ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံးသည် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက အသိမှတ်ပြုထားသည့် COVID-19 ရောဂါကာကွယ်ဆေးတစ်မျိုးမျိုးအနက် တစ်မျိုးမျိုးကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် နေ့ရက်မတိုင်မီလွန်ခဲ့သော ၁၄ ရက်ကျော်က အကြိမ်ပြည့် ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်၊ RT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ၊ နိုင်ငံခြားသားခရီးသွားများအတွက် မြန်မာ့အာမခံလုပ်ငန်းထံမှ COVID-19 ဆိုင်ရာ ကျန်းမာရေးအာမခံစသည်ဖြင့် စာရွက်စာတမ်းအထောက်အထားများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် လေဆိပ်တာဝန်ရှိသူများမှ သတ်မှတ်ထားသောနေရာတွင် COVID-19 Antigen Rapid Diagnostic Test (RDT) နည်းဖြင့် COVID-19 စစ်ဆေးခြင်းကို ခံယူရမည်ဖြစ်ပြီး ကုန်ကျစရိတ်အဖြစ် ခရီးသည်တစ်ဦးလျှင် မြန်မာကျပ် ၁၅၀၀၀ မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်သည်။ ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက ခရီးသွားများအနေဖြင့် မိမိတို့၏ ခရီးစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ဓာတ်ခွဲအဖြေကို နှာခေါင်းတို့ဖတ်ရယူအပြီး တစ်နာရီအတွင်း ကျန်းမာရေးဌာနက ခရီးသည်အား ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

ခရီးသွားများတွင် ကိုယ်အပူချိန်မြင့်တက်ခြင်းအပါအဝင် COVID-19 ရောဂါလက္ခဏာများ တွေ့ရှိလျှင် သို့မဟုတ် RDT နည်းဖြင့် စစ်ဆေးစဉ်အတွင်း COVID-19 ရောဂါရှိကြောင့် တွေ့ရှိလျှင် ၎င်းတို့ကို ကျန်းမာရေးအစီအမံများနှင့်အညီ ချက်ချင်းသီးခြားထားရှိမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆေးရုံ (သို့မဟုတ်) ကုသရေးစင်တာ (သို့မဟုတ်) ဟိုတယ်သို့ လွှဲပြောင်းပို့ဆောင်ကာ ကုသမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာခရီးသွားများအား မြန်မာနိုင်ငံတွင် ခရီးတစ်ထောက် ရပ်နားခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းချမည့် Monsoon Online Travel 2022 အား ဇူလိုင် ၂၅ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent