တောင်ကိုရီးယားစီးပွားရေးအတွက်အခရာ (သို့မဟုတ် ) ဆမ်ဆောင်းအိမ်ရှေ့စံ

တောင်ကိုရီးယားစီးပွားရေးအတွက်အခရာ (သို့မဟုတ် ) ဆမ်ဆောင်းအိမ်ရှေ့စံ
Photo-Forbes
Photo-Forbes
Published 13 August 2022
ခက်ဝေ

၂၀၁၇ ခုနှစ်က လာဘ်ထိုးမှု၊ ငွေအလွဲသုံးစားလုပ်မှုတို့ဖြင့် ထောင်နန်းစံခဲ့ရသည့် ဆမ်ဆောင်းလုပ်ငန်းစုအမွေဆက်ခံသူ လီဂျေးယောင်သည် အထူးသမ္မတလွတ်ငြိမ်းချမ်းသာခွင့် ရသွားပြီဖြစ်သည်။

လက်ရှိတောင်ကိုရီးယားသမ္မတယွန်းဆက်ယိုလ်က ၎င်း၏ပထမဆုံးအထူးလွတ် ငြိမ်းခွင့်ကို လီဂျေးယောင်၊ LotteGroup ဥက္ကဋ္ဌရှင်ဒုံဘင်နှင့် အခြား ၁၆၉၁ ဦးကို ပေးအပ်လိုက်ကြောင်း တောင်ကိုရီးယားအစိုးရက သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။ ထိုကြေညာချက်သည် သြဂုတ် ၁၅ ရက်တွင်ကျရောက်မည့် တောင်ကိုရီးယားနိုင်ငံ၏လွတ်လပ်ရေးနေ့မှ စတင်သက်ရောက်မည်ဖြစ် သည်။

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ရသူများထဲတွင် သမ္မတဟောင်းလီမြောင်ဘတ် ပါလိမ့်  မည်ဟုထင်မှတ်ထားခဲ့ကြသော်လည်း တစ်ကယ့်စာရင်းတွင်ပါမလာဘဲ တောင်ဂျောင် ဆန်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းကင်ယောင်ဆူ (သမ္မတဟောင်းမွန်ဂျေအင်း၏ အရင်းနှီးဆုံးအပေါင်းအပါများထဲမှတစ်ဦး)လည်းမပါလာပေ။

တောင်ကိုရီးယားနိုင်ငံ၏ သြဇာတိက္ကမအရှိဆုံး ရာထူးမြင့်အပြစ်သားများထဲမှ  တစ်ဦးဖြစ်သူ လီဂျေးယောင်သည် သမ္မတဟောင်းတစ်ဦးကို လာဘ်ထိုးမှုကြောင့် နှစ်ကြိမ်ထောင်ကျခဲ့သည်။

တောင်ကိုရီးယားအစိုးရကကပ်ရောဂါ အလွန်စီးပွားရေးပြန်လည်ခေါင်းထောင်လာစေရန် နိုင်ငံ့အကြီးဆုံး ကုမ္ပဏီကို ဦးဆောင်သူ လီ၏ပဲ့ကိုင်ဦးဆောင်မှုကိုလိုအပ်နေသည်ဟု ၎င်း၏ဆုံးဖြတ်ချက်အပေါ် ရှင်းချက်ထုတ်ထားသည်။

လီသည် ၎င်း၏နဂိုထောင်ဒဏ်တစ်ဝက်ကျော် ၁၈ လ ကျခံပြီးသည့်နောက် ၂၀၂၁ ခုနှစ်၊ သြဂုတ်တွင် ခံဝန်ဖြင့်ပြန်လွတ်လာသည်။ ယခုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၎င်းသည် ထောင်ထွက်ပြီးနောက် အလုပ်လုပ်ကိုင်ခွင့် ငါးနှစ်ကြာ တားမြစ်ထားမှုမှ ကင်းလွတ်ကာ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ရသွားသည်။

“နိုင်ငံ့စီးပွားရေးအတွက် ကျွန်တော်ကြိုး စားသွားပါမယ်” ဟု လီကဆိုးလ်ဗဟိုခရိုင် တရားရုံးရှေ့တွင် သတင်းထောက်များနှင့် တွေ့စဉ်ပြောသည်။

လီ၏ပြစ်မှုများက သမ္မတဟောင်း ပတ်ဂွမ်ဟေးကို သမ္မတအဖြစ်မှထိုးချခဲ့သည့် အဂတိလိုက်စားမှု အရှုပ်တော်ပုံနှင့် တိုက်ရိုက်ပတ်သက်နေသည်။

နိုင်ငံတစ်ဝန်းဆန္ဒပြသူများ၏ ‘ဆမ်ဆောင်းအိမ်ရှေ့စံ’ဟု အမည်ပေးခံထားရသည့် လီသည် (၎င်းတို့မိသားစုစီးပွားရေး အင်ပါယာကို ပိုမိုချုပ်ကိုင်ခွင့်ရအောင်ရည်ရွယ်ကာ) ကုမ္ပဏီချင်း ပေါင်းစည်းရေးထောက်ခံမှုရရန် အပေးအယူသဘောဖြင့် သမ္မတဟောင်း ပတ်ဂွမ်ဟေးကိုအမေရိကန်ဒေါ်လာ ရှစ်သန်းလာဘ်ထိုးခဲ့သည်။

၂၀၁၆၊၂၀၁၇ ဆောင်းရာသီတွင် ထိုကိစ္စပေါ်သွားသည့်အခါ တောင်ကိုရီးယား ပြည်သူသန်းပေါင်းများစွာက စနေ၊ တနင်္ဂနွေ တိုင်းဖယောင်းတိုင်ထွန်း ဆန္ဒပြမှုများပြု လုပ်လာကာ ပတ်ဂွမ်ဟေးအစိုးရ ဆင်းပေးရန်နှင့် နိုင်ငံရေးနှင့်စီးပွားရေးပေါင်းနွယ်ခြယ်လှယ် နေမှုရပ်ရန် တောင်းဆိုလာကြသည်။

ပတ်ဂွမ်ဟေးသည် ကိုရီးယားပါလီမန်၏ စွဲချက်တင်မှုဖြင့် ၂၀၁၇ ခုနှစ်တွင် ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရသည်။ နောက်တစ်နှစ်အကြာတွင် (အနောက်ကမ္ဘာ၌ ဂျေဝိုင်လီဟု သိထားကြသူ) လီသည် သမ္မတမိတ်ဆွေ၏သမီးအတွက် ဒေါ်လာရှစ်သိန်းတန် မြင်းဝယ်ရန် ကုမ္ပဏီပိုင်ရန်ပုံငွေများကို အလွဲသုံး စားလုပ်မှုအပါအဝင် သူကျူးလွန်ခဲ့သည့် အပြစ်များအတွက် ထောင်ဒဏ်ချမှတ်ခံရသည်။

မွန်ဂျေအင်း သမ္မတဖြစ်လာသည့်အခါ ၎င်းအရှုပ်တော်ပုံကိုဖြေရှင်းရန် တာဝန်ရှိသော်လည်း တိုးတက်မှုကြီးကြီးမားမားမရှိခဲ့ဘဲ ယခုသမ္မတသစ်ပြောင်းသွားသည့်တိုင်  ဆမ်ဆောင်း အမွေဆက်ခံသူလီမှာသက်ညှာ မှုရနေဆဲပင်ဖြစ်သည်။ “ဒါက ခေတ်နောက် ပြန်ဆုတ်နေတာ။ တောင်ကိုရီးယားဟာ ဖယောင်းတိုင်ကိုင် ဆန္ဒပြမှုတွေမဖြစ်ခင်  အချိန်ကာလကို ပြန်သွားနေတာ”ဟု ဆိုးလ်အမျိုးသားတက္ကသိုလ်မှ စီးပွားရေးနှင့်စက်မှု ပေါ်လစီဆိုင်ရာပါမောက္ခ ဆန်ဂျင်ပါ့ခ်က ဆိုသည်။

 

ရေဘဝဲပမာ လွှမ်းမိုးမှု

လီယောင်ဂျေးဖြစ်စဉ်က တောင်ကိုရီးယားတွင် စီးပွားရေးထိပ်သီးပုဂ္ဂိုလ်များကို လွယ်လွယ်ထိ၍မရ၊ ဥပဒေအထက်တွင် ရှိသူများဆိုသည့် အများယူဆချက်ကို ပိုပြီးထင်ဟပ်သွားစေသည်။ နိုင်ငံ့စီးပွားရေးကို စီးပွားရေးလုပ်ငန်းစုကြီးများကအုပ်စိုးထားပြီး နိုင်ငံ GDP ၏  ၈၀ ရာခိုင်နှုန်းခန့်ကို ထိပ်တန်းလုပ်ငန်းစု ၁၀  စုက ဖန်တီးပေးထားကာလုပ်ငန်းများစွာ ဖြန့်ကြက်လုပ်ကိုင်နေသည့် လုပ်ငန်းစုများထဲ LG ,Hyundia, Lotte နှင့် SKတို့လည်း ပါဝင်သည်။ ၎င်းတို့အားလုံးထဲမှာမှ ဆမ် ဆောင်းက လုပ်ငန်းအကြီးဆုံးနှင့်သြဇာအကြီးဆုံးဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ၊  ကမ္ဘာ့အကြီးဆုံးနည်းပညာအမှတ်တံဆိပ်တစ်ခုအပြင် ပြည်တွင်း၌လည်း ဆေးရုံ၊ ဟိုတယ်၊ အာမခံလုပ်ငန်း၊ Billboard လုပ်ငန်း၊ သင်္ဘောကျင်းနှင့် အပန်းဖြေဥယျာဉ်စသည့် လုပ်ငန်းများသည် ဆမ်ဆောင်းလက်အောက်တွင်ရှိသည်။

ထိုသို့ လုပ်ငန်းများက လက်ညှိုးထိုး မလွဲရှိသည့်အတွက် ဆမ်ဆောင်းကဲ့သို့လုပ်ငန်းစုကြီးများကို ရေဘဝဲကုမ္ပဏီများဟု ခေါ် ကြောင်း တိုရန်တိုတက္ကသိုလ်မှ နိုင်ငံရေးလူ မှုဗေဒပညာရှင်တစ်ဦးကပြောသည်။

“ဆမ်ဆောင်းအခြေအနေကောင်းရင်  နိုင်ငံရဲ့အခြေအနေလည်းကောင်းမယ်ဆိုတဲ့  ယုံကြည်ချက်ကအမြစ်တွယ်နေတယ်။ကိုရီးယားပြည်သူတွေဟာ အဲဒီယုံကြည်ချက်နဲ့ နေလာကြတာဆယ်စုနှစ်များစွာ တိုင်နေပြီ။ ဒါ့ကြောင့်သာမန်ပြည်သူတွေအဖို့ အဲဒီအစွဲကို လွှတ်ချဖို့ အရမ်းခက်မယ်”ဟုလည်း ၎င်းက ပြောသည်။

ထိုလုပ်ငန်းစုကြီးများသည် ကိုရီးယားစစ်ပွဲပြီးသွားသည့်နောက် အစိုးရ၏မျက်နှာသာပေး ထောက်ခံမှုများရလာခြင်းဖြစ်ပြီး လျှပ်စစ်မီးနှင့် အခွန်အခများလည်း သက်သက်သာသာ ပေးရသည်။

အကျိုးဆက်ဖြစ်လာသည့် လက်ဝါးကြီးအုပ်ခြယ်လှယ်မှုကြောင့် ပြိုင်ဆိုင်မှုများအားနည်းလာစေပြီး ၎င်းတို့၏ဓလေ့အစဉ်အလာများက ဆယ်စုနှစ်ချီလာဘ်ပေးလာဘ်ယူ၊ အကျင့်ပျက်ခြစားမှုများ၏ အကြောင်းရင်းခံဖြစ်သွားတော့သည်။

လီဂျေးယောင်၏ဖခင် လီကွန်ဟီး ကိုယ်တိုင်လည်း ၎င်းဆမ်ဆောင်းဥက္ကဋ္ဌဖြစ်စဉ် ၁၉၉၀ ပြည့်နှစ်များက လာဘ်ထိုးမှု၊ လိမ်လည်မှုတို့ဖြင့် အရေးယူခံခဲ့ရသည်။ သို့သော် ထောင်ထဲတွင် တစ်ရက်မျှပင် မဖြတ်သန်းခဲ့ရပေ။ ၂၀၁၇ ခုနှစ်တွင် သားဖြစ်သူလီကို ထောင်ဒဏ်ငါးနှစ် ချလိုက်စဉ် တက်ကြွလှုပ်ရှားသူများက ၎င်းအမှုသည် နိုင်ငံအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လိမ့်မည်ဟု အိပ်မက်ခဲ့ကြသည်။

ထိုအိပ်မက်များက သိပ်မကြာလိုက်ပေ။ အယူခံတရားရုံးတစ်ရုံးက လီကို လွှတ်ပေး လိုက်သည်။ထို့နောက်အဆင့်မြင့်တရားရုံး တစ်ရုံးက လီအမှုကိုပြန်စစ်ဆေးရန်အမိန့်ချလိုက်ပြီး အပြစ်ထင်ရှားသဖြင့် ထောင်ဒဏ်ချလိုက်ပြန်သည်။

သို့သော် ဒုတိယအကြိမ်ထောင်ဒဏ်ကျခံနေသည့် လပိုင်းမှာပင် မွန်ဂျေအင်းအစိုးရက နိုင်ငံအကျိုးစီးပွားအတွက်ဟု ခေါင်းစဉ်တပ်ကာ လီကို ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ထိုကတည်းက လီသည် ဆမ်ဆောင်းအကြီးအကဲအဖြစ် ပြန်အသက်ဝင်လာခဲ့ပြီး ပြီးခဲ့သည့်မေတွင် တောင်ကိုရီးယားသို့ ရောက်လာသည့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လုပ်ငန်းတာဝန်များကို အပြည့်အဝ ပြန်လည်လုပ်ကိုင်ခွင့်ရသော်ငြား လီသည် ၂၀၁၅ ခုနှစ်က ဆမ်ဆောင်းကုမ္ပဏီနှစ်ခုပေါင်းမည့်ကိစ္စနှင့် ပတ်သက်ပြီး လိမ်လည်ခဲ့မှုအတွက်သီးခြားအမှု တစ်ခု ထပ်ရင်ဆိုင်ရရန် ရှိသေးသည်။

Most Read

Most Recent