ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သံမဏိစက်ရုံ(ပင်းပက်)အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေ

ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သံမဏိစက်ရုံ(ပင်းပက်)အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေ
Published 4 August 2022

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငို ကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေကြောင်းသိရသည်။

အဆိုပါ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ပူးပေါင်း၍ ၂ဝဝ၆ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းသည် သံနှင့်သံမဏိများ ထုတ်လုပ်ရန်အတွက် အဓိကကျသောသံစိမ်းများကို ထုတ်လုပ်ရန်ဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စက်မှုဝန်ကြီးဌာနသို့လွှဲပြောင်း၍ ဆက်လက် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ပင်းပက် သံသတ္တုမိုင်းသည် သံရိုင်း ၅၆ ဒသမ ၄ ရာခိုင်နှုန်းပါသည့် Hematite သံရိုင်းတန်ချိန် ၁၀ ဒသမ ၇ သန်းနှင့် သံရိုင်း ၄၂ ဒသမ ၆ ရာခိုင်နှုန်းပါသည့် Lemonite သံရိုင်း တန်ချိန် ၅၉ ဒသမ ၃ သန်း ထုတ်လုပ်နိုင်သော သံသတ္တုမိုင်းဖြစ်သည်။

ထို့နောက် NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုလွှတ်တော်က နိုင်ငံပိုင်စက်ရုံများ၏ ဘဏ္ဍာရေး အရှုံးအမြတ်အခြေအနေများကိုစစ်ဆေး၍ ၂၀၁၇ ခုနှစ် မတ်လတွင် စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် စက်ရုံများတွင် သံမဏိစက်ရုံ(မြင်းခြံ)နှင့် သံမဏိစက်ရုံ(ပင်းပက်)တို့ ပါဝင်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် အဆိုပါစီမံကိန်းအား ပြန်လည်စတင်ရန် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန် ၁၄ ရက်က စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး နီကိုလေလစ်စတိုပါဒေ့ါ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေဆုံစဉ်  အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံမှ နည်းပညာကျွမ်းကျင်ပညာရှင်အဖွဲ့များ ခေါ်ယူနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များနှင့် ရုရှားနိုင်ငံ TPE Co., Ltd. မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်  သံမဏိစက်ရုံ (ပင်းပက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းသည် စီမံကိန်း တစ်ခုလုံး ၏ ပြီးစီးမှုရာခိုင်နှုန်း ၉၈ ဒသမ ၈၆ ရာခိုင်နှုန်းထိ ပြီးစီးခဲ့ပြီးဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင် တက်လာသည့် အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ် ၆ ရက်နှင့် ၁၅ ရက်တို့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်မှုများကြောင့် စီမံကိန်းတည်ဆောက်မှုကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွက် များစွာထိခိုက်ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ စီမံကိန်းသည် နိုင်ငံတော်အတွက် လက်တွေ့အကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းတစ်ခု ဖြစ်သည့်အတွက် မိမိတို့အစိုးရလက်ထက်တွင် စီမံကိန်းတည်ဆောက်မှုများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး စီမံဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောဆိုမှုများပြုလုပ်ခဲ့သည်။

ထို့ပြင် စက်ရုံအား သတ်မှတ်ရက်အတွင်း စတင်လည်ပတ်၍ သံမဏိထုတ်လုပ်မှုအား အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သတ္တုမိုင်းများနှင့် စက်ရုံမှထွက်ရှိသည့် သံရိုင်းများနှင့်သံမဏိများအား ငွေကုန်ကြေးကျ သက်သာစွာဖြင့် သယ်ယူနိုင်ရေး လျှပ်စစ်ရထားပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းများ စနစ်တကျတည်ဆောက်ရန်နှင့် လျှပ်စစ်ဓာတ်အား မပြတ်ရရှိအောင် စနစ်တကျ စီမံဆောင်ရွက်ရန်လိုကြောင်းကိုလည်း နစကဥက္ကဋ္ဌက ပြောကြားမှုများပြုလုပ်ခဲ့သည်။

ယင်းနောက် ၂၀၂၂ ခုနှစ် မေလတွင် စက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၂)ဖြင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းပြန်လည်စတင်ဆောင်ရွက်နိုင်ရေး ကြီးကြပ်ရန်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကော်မတီအနေဖြင့်  စက်ရုံအားသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်စွာ လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ နိုင်ငံခြားသားပညာရှင်များနှင့် လိုအပ်နေသည့် စက်နှင့် စက်ပစ္စည်းများအချိန်မီရောက်ရှိရေး ဆောင်ရွက်ရန်၊ နိုင်ငံခြားသားပညာရှင်များ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ နိုင်ငံခြားသားပညာရှင်များ၏ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်၊ စက်ရုံဝန်ထမ်းများအား နည်းပညာလွှဲပြောင်းပေးခြင်း (Technical Transfer)နှင့် စာတွေ့၊ လက်တွေ့သင်တန်းအစီအစဉ် (Training Program) အတွက် ရုရှားအစိုးရက ကူညီထောက်ပံ့ရန် ကမ်းလှမ်းထားသော ယူရို ၁၀ ဒသမ ၅ သန်းတန်ဖိုးရှိ နည်းပညာအကူအညီများရရှိနိုင်ရေး ရုရှားအစိုးရထံတောင်းခံရန်၊ စက်ရုံ၊ တည်ဆောက်ရေးစီမံကိန်းနှင့် နိုင်ငံခြားသားပညာရှင်များ ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကြုံတွေ့နေရသော အခက်အခဲများ၊ ပြဿနာများအား ကူညီဖြေရှင်းဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် စသည့်အချက်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်က  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ချာလီသန်းသည် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စက်ရုံသို့သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလတ်ဗ်ရော့သည် ၂၀၂၂ ခုနှစ် သြဂုတ် ၃ ရက်က မြန်မာနိုင်ငံသို့ နေ့ချင်းပြန်ခရီးစဉ်လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

Most Read

Most Recent