ရာပြည့်ပြိုင်ပွဲဖြစ်သည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် တောင်အမေရိကတိုက်မှ အာဂျင်တီးနား၊ ဥရုဂွေး၊ ချီလီ၊ ပါရာဂွေးနိုင်ငံတို့က (၄)နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ဥရုဂွေးသည် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်သည့် ၁၉၃၀ ပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ရာစုနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲကို ပြန်လည်လက်ခံကျင်းပသွားရန် ဆန္ဒရှိနေသည်။
''ဒါက တိုက်တစ်တိုက်ရဲ့ အိပ်မက်ပါပဲ။ ဒီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ပိုပြီးကျင်းပဦးမှာပါ။ ဒါပေမဲ့ ပြိုင်ပွဲက နှစ်(၁၀၀)ကို တစ်ကြိမ်သာ ပြောင်းလဲတာဖြစ်လို့ အိမ်ကို ပြန်လာဖို့ လိုအပ်ပါတယ်'' ဟု တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ဥက္ကဋ္ဌဖြစ်သူ အာလေယန်ဒရိုဒိုမင်ဂွက်ဇ်က ပြောကြားခဲ့သည်။
ဥရုဂွေးဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အစ်ဂနာစီယိုအလွန်ဆိုကလည်း ပြိုင်ပွဲနှင့်ပတ်သက်ပြီး အရာအားလုံးစတင်ခဲ့သည့်နေရာ၌ နှစ်(၁၀၀)အကြာတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့်ရရှိသင့်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက ကျင်းပခွင့်ရထားပြီး ၂၀၂၆ ပြိုင်ပွဲကိုမူ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါ(၃)နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်သည်။
၂၀၃၀ ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားမည့် တောင်အမေရိက(၄)နိုင်ငံအနက် ဥရုဂွေးက ၁၉၃၀၊ ချီလီက ၁၉၆၂၊ အာဂျင်တီးနားက ၁၉၇၈ ပြိုင်ပွဲများကို လက်ခံကျင်းပခွင့်ရခဲ့ပြီး ပါရာဂွေးနိုင်ငံသာ အိမ်ရှင်အဖြစ် မကျင်းပဖူးသေးကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)သည် ၂၀၃၀ ပြိုင်ပွဲအိမ်ရှင်ကို ၂၀၂၄ ခုနှစ်တွင်ပြုလုပ်မည့် (၇၄)ကြိမ်မြောက် ဖီဖာကွန်ဂရက်တွင် ကြေညာသွားမည်ဖြစ်သည်။
လက်ရှိတွင် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် တောင်အမေရိကတိုက် (၄)နိုင်ငံအပြင် အာဖရိကတိုက်မှ မော်ရိုကို၊ ဥရောပတိုက်မှ စပိန်နှင့် ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆားဘီးယား၊ ဘူလ်ဂေးရီးယားနှင့် ဂရိနိုင်ငံများက ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားမည်ဟု အတည်ပြုချက်ပေးခဲ့သည်။
မော်ရိုကိုအနေဖြင့် ပူးတွဲအိမ်ရှင်အဖြစ်သာ လျှောက်ထားမည်ဖြစ်ပြီး တူနီးရှား၊ အယ်လ်ဂျီးရီးယား တစ်နိုင်ငံနှင့် မဖြစ်ခဲ့လျှင် စပိန်၊ ပေါ်တူဂီနိုင်ငံများနှင့် ပူးပေါင်းသွားဖွယ်ရှိသည်။















