ပင်ပေါင်ဒီပလိုမေစီနှင့် နန်စီပလိုစီ

ပင်ပေါင်ဒီပလိုမေစီနှင့် နန်စီပလိုစီ
Published 3 August 2022

တရုတ်က စစ်ရေးအရပါ တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများရှိနေသည့်ကြားကပင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သို့ သြဂုတ် ၂ ရက် ည ၁၁ နာရီခန့်တွင် ရောက်ရှိသွားခဲ့ရာ အမေရိကန်နှင့်တရုတ်တို့ ဆက်ဆံရေးအတင်းမာဆုံးအနေအထားသို့ ရောက်ရှိသွားခဲ့သည်။ ယင်းက “ပင်ပေါင်ဒီပလိုမေစီ”ဟူသည့် နိုင်ငံရေးစကားရပ်တစ်ခုအား ပြန်ပြောင်းအောက်မေ့ဖွယ် ဖြစ်လာစေသည်။ “ပင်ပေါင်ဒီပလိုမေစီ” ဟူသည် အမေရိကန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ စားပွဲတင်တင်းနစ် (ပင်ပေါင်) ကစားသမားများ ၁၉၇၁ ခုနှစ်က ပင်ပေါင်ကစားခဲ့ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံပြိုင်ပွဲတွင် ဂလင်းကိုဝမ် (အမေရိကန်) နှင့် ကျွမ်စီတုံး (တရုတ်) တို့အကြား တွေ့ဆုံကစားခဲ့မှုသည် ၁၉၇၂ ခုနှစ်တွင် အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင် ပေကျင်းသို့ လာရောက်လည်ပတ်မှုအတွက် လမ်းခင်းပေးခဲ့ပြီး အမေရိကန်နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ဆက်ဆံရေးတွင် အဓိကအလှည့်အပြောင်းတစ်ခုဖြစ်စေခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ရန်လိုသောနိုင်ငံ အဖြစ်ရှုမြင်ပြီး ၁၉၅၀ ပြည့်နှစ်တွင် ကိုရီးယားစစ်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် တရုတ်ကို ပိတ်ဆို့အရေးယူမှုအပါအဝင် စီးပွားရေးထိန်းချုပ်ရေးမူဝါဒကို ကျင့်သုံးခဲ့သည်။ နှစ် ၂၀ ခန့် သံတမန်ရေးအရရော စီးပွားရေးအရပါ ဆက်ဆံရေးမရှိခဲ့ရာမှ နှစ်နိုင်ငံစလုံးသည် နောက်ဆုံးတွင် အချင်းချင်း ပွင့်လင်းမြင်သာမှုကို အားသာချက်တစ်ခုအဖြစ် ရှုမြင်လာသည်။ တရုတ်က အမေရိကန်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို “ဆိုဗီယက်ယူနီယံနှင့် ပိုမိုတင်းမာသော ဆက်ဆံရေးကို တန်ပြန်ရန် အကျိုးရှိသော တုံ့ပြန်မှုအဖြစ်” ရှုမြင်လာသည်။ တရုတ်သည် ဆိုဗီယက်နှင့် သွေးထွက်သံယိုမှုများ ပါဝင်သောနယ်စပ် ပြဿနာများ ဆက်တိုက်ဖြစ်ပွားခဲ့သောကြောင့်ဖြစ်သည်။ အမေရိကန်ကလည်း မြောက်ဗီယက်နမ်နှင့် စေ့စပ်ညှိနှိုင်ရေးများ ပြုလုပ်ရာ၌ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးက သက်ရောက်မှုကြီးမားသည်ဟု ရှုမြင်လာခြင်းဖြစ်သည်။ မည်သို့ဆိုစေ၊ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပသော ၃၁ ကြိမ်မြောက် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲက တရုတ်နှင့် အမေရိကန်တို့ ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန်အတွက် အခွင့်အလမ်းတစ်ရပ် ပေးခဲ့သည်။

ပင်ပေါင်ဒီပလိုမေစီ နှစ် ၅၀ ကျော် ကြာခဲ့ပြီးနောက်ယခုကဲ့သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ သွားရောက်ပါက ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြိုတင်ပြောကြားခဲ့သည်။ သို့သော် တရုတ်တစ်ပြည်ထောင်မူကို လက်ခံသည့် အမေရိကန်အစိုးရအနေဖြင့် ထိုင်ဝမ်ကို နိုင်ငံတစ်ခုအနေဖြင့် အသိအမှတ်ပြုမထားဘဲ တရုတ်နိုင်ငံက ထိုင်ဝမ်အား သူတို့၏ပိုင်နက်ဖြစ်သည်ဟုဆိုကာ စစ်ရေးခြိမ်းခြောက်မှုများ ရှိနေချိန် ထိုင်ဝမ်ဘက်မှ အမေရိကန်က ရပ်တည်ကြောင်း ပြသရန်သာ အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်မည်ဖြစ်သည်ဟု အနောက်တိုင်းနိုင်ငံရေးသုံးသပ်သူတို့က ဆိုထားသည်။ အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီကိုယ်တိုင်ကလည်း ထိုင်ဝမ်ဘက်မှ ရပ်တည်ရမည်ဖြစ်ကြောင်းနှင့် အာဏာရှင်များကို အလျှော့ပေးမည် မဟုတ်သည်ကို အမေရိကန်နှင့် မဟာမိတ်များအနေဖြင့် ရှင်းရှင်းလင်းလင်း ပြသရမည်ဖြစ်ကြောင်း ထိုင်ဝမ်ကို ရောက်ရှိသည့်နေ့မှာပင် ၀ါရှင်တန်ပို့စ်သတင်းစာ၌ သဘောထားအမြင် ဆောင်းပါးရေးသားကာ ပြောဆိုခဲ့သည်။

နန်စီပလိုစီသည် သြဂုတ် ၃ ရက်တွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်အပြင် လွှတ်တော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံလိမ့်မည်ဟု ယူဆရသည်။ တရုတ်အစိုးရက အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ၏ခရီးစဉ်မှာ လက်ခံနိုင်စရာမရှိဘဲ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ရာကျသည်ဟုသတိပေးခဲ့ပြီး သြဂုတ် ၂ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်က “မိုက်မဲပြီး အန္တရာယ်ရှိသည့် လုပ်ရပ်ကို မလိုအပ်ဘဲလုပ်ခြင်းဖြစ်သည်”ဟု သတင်းထောက်များအား ပြောကြားခဲ့ပြီး ပေကျင်းရှိ အမေရိကန်သံအမတ်ကြီးကိုလည်း ဆင့်ခေါ်ကန့်ကွက်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်-အမေရိကန်ပဋိပက္ခသည် ဒေသတွင်း တည်ငြိမ်ရေးအပေါ် ပြင်းထန်သည့် စိန်ခေါ်မှုတစ်ရပ်ဖြစ် လာနိုင်ဖွယ်ရှိသောကြောင့် ပင်ပေါင်ဒီပလိုမေစီမျိုးကိုသာမျှော်လင့်မိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent