လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း လုပ်ကြံခံရမှုအပေါ် ရှုတ်ချကြောင်း လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ ထုတ်ပြန်

လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း လုပ်ကြံခံရမှုအပေါ် ရှုတ်ချကြောင်း လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ ထုတ်ပြန်
Published 2 August 2022

လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဟောင်းဖြစ်သူ လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးအားဆီ လုပ်ကြံခံရမှုအပေါ် လုံးဝလက်မခံကြောင်းနှင့် ပြစ်တင်ရှုတ်ချကြောင်း မြန်မာနိုင်ငံလီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီက ဇူလိုင် ၃၁ ရက်တွင် ကြေညာထုတ်ပြန်သည်။          

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံလီဆူစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးအားဆီသည် လီဆူလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှု၊  အနုပညာနှင့် ရိုးရာအမွေအနှစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဦးဆောင်နေသူတစ်ဦးဖြစ်ကြောင်း၊ အခြားသော မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမျှ ပြစ်တင် ပုတ်ခတ်ပြောဆိုခြင်းမရှိဘဲ ဘက်မလိုက်ပေါင်းသင်းဆက်ဆံလျက် မိမိလူမျိုးအရေးကိုသာ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ လက်နက်အားကိုဖြင့် အကြောင်းမဲ့အကြမ်းဖက်သတ်ဖြတ်ခြင်းသည် လီဆူတစ်မျိုးသားလုံးကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်ဟုခံယူကြောင်း၊ မည်သည့်အစွန်းရောက် လက်နက်ကိုင်အဖွဲ့ အစည်းကိုမဆို လီဆူတစ်မျိုးသားလုံးနှင့်အတူ လုံးဝ(လုံးဝ) လက်ခံနိုင်ခြင်းမရှိကြောင်းနှင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ဦးအားဆီသည် ဇူလိုင် ၃၀ ရက် ည ၈ နာရီဝန်းကျင်တွင် ဂေါက်ကွင်းမှကားဖြင့် အပြန်နေအိမ်တံခါးဖွင့်ရန်စောင့်ဆိုင်းနေစဉ် သေနတ်သမားနှစ်ဦးက အနီးကပ်သေနတ် ငါးချက်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး  ညာဘက်ကျောဖောက်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

လီဆူစာပေနှင့်ယဉ်ကျေးမှု ၂၃ ဦးကော်မတီအဖွဲ့ဝင်တစ်ဦးက “ဒဏ်ရာက အူပြတ်သွားတော့ အူကို ဆက်ထားတယ်။ အစာတော့ စားလို့မရသေးဘူးပေါ့။ ကျည်ဆံလည်း ထုတ်မရသေးဘူး။ ဗိုက်ထဲမှာပဲ။ ကျည်ဆံပါထုတ်လိုက်ရင် ဒဏ်ရာက နှစ်ခုဖြစ်သွားမှာစိုးလို့ပေါ့။ ဘယ်သူ၊ ဘယ်အဖွဲ့လုပ်ကြံတယ်လို့တော့ မစွပ်စွဲချင်ပါဘူး။ အယူအဆ၊ အဖွဲ့အစည်း မတူတဲ့သူတွေက လုပ်ကြံတယ်လိ့ုပဲ ပြောရမှာပေါ့။ ကျွန်တော်တို့ကတော့ ဒါမျိုးအကြမ်း ဖက်တာတွေကိုလုံးဝလက်မခံနိုင်ပါဘူး။ ဒီလိုဖြစ်သွားတော့ လီဆူခေါင်းဆောင်တွေမှာလည်း စိုးရိမ်စိတ်တွေ ဝင်ကုန်ကြတယ်” ဟု ပြောကြားသည်။

ဦးအားဆီသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထောင်စုကြ့ံံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်ထမ်းဆောင်ခဲ့သည်။     

ထွန်းလင်းအောင် (မြစ်ကြီးနား)

Most Read

Most Recent