မုံရွာမြို့ မြဝတီရပ်ကွက်ရှိ ဖုန်းနှင့်ဆိုင်ကယ် ​ရောင်းဝယ်​ရေးဆိုင်တွင် ​သေနတ်ပြ ခြိမ်း​ခြောက်ပြီး ဖုန်း အလုံးရေ ၁၀၀ နှင့် ဆိုင်ကယ် ရှစ်စီး လုယက် ယူ​ဆောင်သွားမှု ဖြစ်ပွား

မုံရွာမြို့ မြဝတီရပ်ကွက်ရှိ ဖုန်းနှင့်ဆိုင်ကယ် ​ရောင်းဝယ်​ရေးဆိုင်တွင် ​သေနတ်ပြ ခြိမ်း​ခြောက်ပြီး ဖုန်း အလုံးရေ ၁၀၀ နှင့် ဆိုင်ကယ် ရှစ်စီး လုယက် ယူ​ဆောင်သွားမှု ဖြစ်ပွား
Published 23 July 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြဝတီရပ်ကွက်ရှိ ဖုန်းနှင့်ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်တစ်ဆိုင်အား ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက အိမ်စီးကားတစ်စီးဖြင့်လူတစ်စု ရောက်ရှိလာခဲ့ပြီးနောက် ဆိုင်အတွင်းသေနတ်ပြခြိမ်းခြောက်ကာ ဖုန်းနှင့်ဆိုင်ကယ်များ လုယက်ယူဆောင်သွားခဲ့ကြောင်း မုံရွာ မြို့ခံများထံမှ စုံစမ်းသိရသည်။

မုံရွာမြို့ မြဝတီရပ်ကွက်၊ သစ္စာလမ်းနှင့် လမ်းသွယ်(၂)ကြားရှိ "အဆွေတော်" အာမခံ(Second) ဆိုင်ကယ်နှင့်ဖုန်းမျိုးစုံ အလဲ/အထပ် ရောင်းဝယ်ရေးဆိုင်တွင် ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီကျော်ခန့်က အိမ်စီးကားတစ်စီးဖြင့် အမည်မသိ လူ ၁၀ ဦးခန့်(စိစစ်ဆဲ)ရောက်ရှိလာခဲ့ပြီးနောက် ဆိုင်အတွင်းသို့ဝင်ရောက်ကာ ဆိုင်ရှိဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ဖုန်းအလုံးရေ ၁၀၀ ကျော်ခန့်နှင့် ဆိုင်ကယ် ရှစ်စီးအား လုယက်ယူဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

"ဆိုင်ထဲကိုဝင်လာတဲ့အချိန်မှာ စျေးဝယ်မယ့်သူပုံစံနဲ့ရောက်လာပြီးတော့ သေနတ်ထုတ်ပြီး လုယက်မှ ဓါးပြတိုက်ပြီဆိုတာ သိလိုက်ရတာတဲ့။ သေနတ်ပြပြီး ဓါးပြတိုက်လုယက်သွားတာက ဖုန်းအလုံး ၁၀၀ လောက်နဲ့ ဆိုင်ကယ်ရှစ်စီး ပါသွားတယ်လို့ကြားရတယ်"ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ပြဓါးပြတိုက် လုယက်မှုဖြစ်ပွားခဲ့ရာနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ရှိကြောင်း စုံစမ်းသိရသည်။

​ဇူလိုင် ၂၂ ရက် နံနက်အစောပိုင်းကလည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းတွင် ဖွင့်ထားသည့် ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ သိန်း ၆၀၀ ဝန်းကျင်တန်ဖိုးရှိ ဖုန်းအလုံးရေ ၈၈လုံး အခိုးခံရမှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။