ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ ဒေါ်လာများကို သိမ်းယူခြင်း မရှိသကဲ့သို့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် FEC ငွေကြေးစနစ် ပြုလုပ်ရန် အကောင်အထည်ဖော်နေသည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ ဒေါ်လာများကို သိမ်းယူခြင်း မရှိသကဲ့သို့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် FEC ငွေကြေးစနစ် ပြုလုပ်ရန် အကောင်အထည်ဖော်နေသည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်
Published 23 July 2022

ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ ဒေါ်လာများကို သိမ်းယူနေခြင်း မရှိသကဲ့သို့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် FEC ငွေကြေးစနစ် ပြုလုပ်ရန် အကောင်အထည်ဖော်နေသည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ပြည်တွင်းနေထိုင်သူများအတွက် နိုင်ငံခြားသုံးငွေဆိုင်ရာ ဆောင်ရွက်ချက်များအတွက် အမိန့်ကြေညာစာ ၁၂/ ၂၀၂၂ ကို ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာ ၁၂/၂၀၂၂ ပါ ကင်းလွတ်ခွင့်မရှိသူများ၏ နိုင်ငံခြားငွေများကို AD လိုင်စင်ရဘဏ်များက ဧပြီ ၃ ရက်မှ စတင်ကာ ဝယ်ယူနေခြင်းသာဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ၁၂/၂၀၂၂ ကြေညာချက်တွင် ပြည်တွင်းနေထိုင်သူများ၏ ဘဏ်စာရင်းများထံ ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြားငွေများအား တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ပေးရမည်ဖြစ်ပြီး နိုင်ငံခြားသုံးငွေမှ ကျပ်ငွေကို ပြောင်းလဲခြင်းအတွက် ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ် သတ်မှတ်ထားသည်။

ထို့အပြင် ယခုနှစ်ကုန်ပိုင်းတွင် ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC ငွေကြေးစနစ်ပုံစံကို ပြန်လည် အကောင်အထည်ဖော်မည်ဆိုသည်မှာ ကောလာဟလသာဖြစ်ပြီး FEC ထုတ်ဝေရန်မှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

“၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဒေါ်လာတန်ဖိုးနှင့် ညီမျှသော FEC ငွေကြေးပုံစံစနစ်အား ပြန်လည်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟူသောကိစ္စမှာ ကောလာဟလသာဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းနှင့် ဆောင်ရွက်ရန်အစီအစဉ် လုံးဝမရှိကြောင်း အသိပေးအပ်ပါသည်” ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ၂၀၁၂ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအား ၂၀၁၅ နှင့် ၂၀၂၁ ခုနှစ်မှာ ပြင်ဆင်ခဲ့ပြီး  ပြဌာန်းချက်များအရ ဗဟိုဘဏ်၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များတွင် အမေရိကန်ဒေါ်လာတန်ဖိုးနှင့် ညီမျှသည့် FEC ငွေကြေးစနစ် ထုတ်ဝေနိုင်ကြောင်း ပြဌာန်းချက်ကို ထည့်သွင်းထားခြင်းမရှိသည်ကို တွေ့ရသည်။

Most Read

Most Recent