စီးပွားရေးကြီးထွားမှုအတွက် အခြေခံလေးရပ်

စီးပွားရေးကြီးထွားမှုအတွက် အခြေခံလေးရပ်
Published 22 July 2022

စီးပွားရေးကြီးထွားမှုသည် ကာလအပိုင်းအခြားတစ်ခုမှ နောက်တစ်ခုသို့ ကုန်စည်နှင့်ဝန်ဆောင်မှုများ တိုးမြင့်လာခြင်းဖြစ်သည်။ ဤသို့နှင့်၊ ဤကုန်စည်နှင့် ဝန်ဆောင်မှုများ၏ တန်ဖိုးများ တိုးမြင့်လာပြီး ကော်ပိုရိတ်အမြတ်အစွန်းများ ပိုမိုများပြားလာသည်။ ဤသို့နှင့်၊ စတော့ရှယ်ယာစျေးနှုန်းများ မြင့်မားခြင်းနှင့် အလုပ်အကိုင်များ မြင့်တက်ခြင်းတို့ ဖြစ်ပေါ်လာစေသည်။ ကုမ္ပဏီများသည် လုပ်ငန်းသစ်များတွင် ရင်းနှီးမြုပ်နှံရန် အရင်းအနှီးပိုများလာပြီး စားသုံးသူများကိုလည်း ပိုမိုသုံးစွဲလာနိုင်စေသည်။ ထို့ကြောင့် စီးပွားရေးကြီးထွားမှုသည် အရေးအကြီးဆုံး မဟုတ်ခဲ့လျှင်ပင် အများဆုံးစောင့်ကြည့်ခံရသည့် ညွှန်းကိန်း တစ်ခုဖြစ်သည်။ သို့သော် မည်သို့လုပ်ဆောင်ပြီး မည်သည့်အချက်များက အကျိုးသက်ရောက်စေသနည်း။ ယင်းကို ကုန်စည်တစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၌ အသုံးပြုသည့် အရင်းအမြစ်များ ဖြစ်သည့် ထုတ်လုပ်မှု၏ အရည်အသွေးနှင့် ပမာဏကို တိုးမြှင့်ခြင်းဖြင့်သာ ရရှိနိုင်သည်။ အခြေခံအချက် လေးချက်ဖြစ်သော မြေ၊ လုပ်သား၊ အရင်းအနှီးနှင့် စွန့်ဦးလုပ်ကိုင်မှုတို့က အလွန်အရေးကြီးသည်။

မြေကို လူအများစုက လယ်ယာမြေဟု တွေးပြီး စိုက်ပျိုးမြေဟု အလိုလို ယူဆကြသည်။ သို့သော် ယင်းသည် တစ်ခုတည်းသောအရာ မဟုတ်။ မြေသည် သဘာဝအရင်းအမြစ်များကို ရည်ညွှန်းရုံသာမက စီးပွားဖြစ်အိမ်ခြံမြေနှင့် သစ်တောများကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များလည်း ပါဝင်နိုင်သည်။ ထုတ်လုပ်သူများသည် မြေကြီးမှထွက်ရှိသော သဘာဝအရင်းအမြစ်များကိုလည်း အသုံးပြုကြသည်။ ဤအရင်းအမြစ်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ငွေ၊ ကြေးနီနှင့် အခြားသတ္တုများ ပါဝင်သည်။ ယေဘုယျအားဖြင့် မြေကို ထုတ်လုပ်မှု၏ အရေးကြီးဆုံးအချက်များထဲမှ တစ်ခုဟု ယူဆကြသည်။ အချို့သော လုပ်ငန်းများသည် အခြားလုပ်ငန်းများထက် မြေကို ပိုမိုအားကိုးကြသည်။ ဥပ မာအားဖြင့် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ဖြစ်သည်။ သို့သော် နည်းပညာကုမ္ပဏီများကဲ့သို့သော လုပ်ငန်းများသည် မြေအပေါ် မှီခိုအားထားမှုနည်းပါးသည်။

လုပ်သားတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဖန်တီးခြင်း (အစမှအဆုံး)နှင့် ကြိုးပမ်း အားထုတ်ခြင်းအတွက် တာဝန်ရှိသောသူများ ပါဝင်သည်။ ၎င်းတို့တွင် စက်ရုံလုပ်သားများ၊ မန်နေဂျာများ၊ အရောင်းသမားများနှင့် ထုတ်လုပ်မှုတွင် အသုံးပြုသည့် စက်ယန္တရားများကို ဒီဇိုင်းထုတ်သည့် အင်ဂျင်နီယာများ ပါဝင်သည်။ လူတစ်ဦးချင်းစီကို ၎င်းတို့၏အချိန်နှင့် ကြိုးစားအားထုတ်မှုအတွက် တန်ရာတန်ကြေးပေးရမည်ဖြစ်ပြီး ပေးချေရမည့်ပမာဏသည် ၎င်းတို့ ယူဆောင်လာသော ကျွမ်းကျင်မှုအပေါ်၌လည်း မူတည်သည်။ ကျွမ်းကျင်မှုနှင့်လေ့ကျင့်မှုနည်းပါးသူများထက် ပညာတတ်ပြီး ကျွမ်းကျင်သောသူများက လုပ်ခလစာ ပိုမို ရရှိမည်ဖြစ်သည်။ ဆန်းသစ်တီထွင်မှုသည် လုပ်သားအင်အားကို ပြောင်းလဲစေသည်။ အလိုအလျောက်စနစ်၊ တိုးတက်လာသောနည်းပညာများနှင့် စက်ကိရိယာများသည် လုပ်သားလိုအပ်ချက်အပေါ် အကြီးအကျယ် သက်ရောက်မှုဖြစ်စေသည်။

လူအများစုက အရင်းအနှီးကို ငွေသားဟု ထင်ကြသော်လည်း ဤနေရာတွင် ဝေါဟာရသည် အခြားပိုင်ဆိုင်မှုများစွာကိုလည်း ဖော်ပြသည်။ ကုန်ထုတ်စက်ရုံများ၊ စက်ယန္တရားများ၊ ကိရိယာများ သို့မဟုတ် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် အသုံးပြုသည့် မည်သည့် ပစ္စည်းများကိုမဆို အရင်းအနှီးဟု ထည့်သွင်းစဉ်းစားရသည်။ ထရပ်ကားများသို့မဟုတ် သယ်ယူပို့ယာဉ်များအပြင် စက်ယန္တရားကြီးများကိုလည်း အရင်းအနှီးအဖြစ် ရည်ညွှန်းနိုင်သည်။ စီးပွားရေး ဖွံ့ဖြိုးပြီး ကျယ်ပြန့်လာသောအခါ ကော်ပိုရေးရှင်းများသည် အရင်းအနှီးများ ရရှိနိုင်ပြီး အရင်းအနှီးများ သုံးစွဲနိုင်ကာ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လျက် အမြတ်အစွန်းများ ဆက်လက်ရရှိနေသည်။ စီးပွားရေးကျုံ့ဝင်နေသည့်အချိန်များတွင် အရင်းအနှီးကို ဆက်လက်ထိန်းသိမ်းထားရန် ကုန်ကျစရိတ်များကို လျှော့ချရမည်ဖြစ်သည်။ သို့သော် အရင်းအနှီးသည် လုပ်ငန်းရည်ရွယ်ချက်များအတွက်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှု ထုတ်လုပ်ရန်အတွက် အသုံးပြုသည့် အရာများကိုသာ ရည်ညွှန်းကြောင်း သတိပြုရမည်။ ထို့ကြောင့် ကိုယ်ရေးကိုယ်တာအသုံးပြုရန်အတွက်သည် အရင်းအနှီးနှင့် မသက်ဆိုင်ပါ။

စွန့်ဦးလုပ်ကိုင်မှုတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံး၏ နောက်ကွယ်ရှိ အမြော်အမြင်ရှိသူနှင့် ဆန်းသစ်တီထွင်သူများ ပါဝင်သည်။ စွန့်ဦးလုပ်ကိုင်မှုသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ထုတ်လုပ်ရေးအတွက် စိတ်ကူးပုံဖော်ရန်၊ ဖန်တီးရန်နှင့် ထုတ်လုပ်ရန် အခြားအကြောင်းအရာများအားလုံးကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်းတို့သည် စီးပွားရေးကြီးထွားမှု၏ အဓိကရင်းမြစ်တစ်ရပ်ဖြစ်ကြောင်း ပြသခဲ့ပြီးဖြစ်သည့် စီးပွားရေးစနစ် တစ်ရပ်အတွင်း နည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမှန်သမျှ၏ နောက်ကွယ်မှ မောင်းနှင်အားများ ဖြစ်ကြသည်။ စွန့်ဦးလုပ်ကိုင်မှုသည် ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ အရေးပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းင်းသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်ရာတွင် အခြားသော အချက်သုံးချက်စလုံးကို အသုံးပြုထားသောကြောင့် ဖြစ်သည်။ စွန့်ဦးလုပ်ကိုင်သူများ၏ အောင်မြင်မှုသည် လုပ်ငန်းအစီအစဉ်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် လုံးဝ မူတည်သည်။ ယင်းသည် လုပ်ငန်းပိုင်ရှင်များအနေနှင့် ၎င်းတို့ကုမ္ပဏီ၏  လည်ပတ်ပုံ၊ ရည်မှန်းချက်များနှင့် ရေတိုရေရှည် ရည်မှန်းချက်များကို ဖော်ပြရန် အသုံးပြုသည့် အထောက်အထားများဖြစ်သောကြောင့်ဖြစ်သည်။

မည်သို့ဆိုစေ၊ စီးပွားရေးကြီးထွားမှု၌ အခြေခံလေးရပ်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent