မြန်မာ ယူ-၁၈ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်မှစ၍ အင်ဒိုနီးရှားနိုင်ငံ ပါလမ်ဘမ်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် နှစ်ပေါင်းများစွာ ကျင်းပနိုင်ခြင်းမရှိသည့် အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအမည်ဖြင့် ပထမဆုံးကျင်းပပြီးနောက်ပိုင်း ဆက်လက်ကျင်းပနိုင်ခြင်းမရှိတော့ဘဲ ရှစ်နှစ်အကြာမှ တစ်ကျော့ပြန်ကျင်းပခြင်းဖြစ်သည်။
AFF သည် ယခုနှစ်တွင်မူ အသက်ကန့်သတ်ချက်အပြောင်းအလဲပြုလုပ်၍ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲအမည်ဖြင့် ကျင်းပမည်ဖြစ်သည်။
AFF သည် ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(A) တွင် ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အုပ်စု(B) တွင် သြစတြေးလျ၊ မြန်မာ၊ မလေး ရှားနှင့် ဖိလစ်ပိုင်အသင်းတို့ ပါဝင်နေသည်။
ပြိုင်ပွဲတွင် အုပ်စုတစ်ခုမှ ထိပ်ဆုံးနေရာရပ်တည်နိုင်သည့် နှစ်သင်းစီ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
မြန်မာ ယူ -၁၈ အမျိုးသမီးအသင်းသည် ဇူလိုင် ၂၅ ရက်တွင် အုပ်စုပထမပွဲအဖြစ် မလေးရှားအမျိုးသမီးအသင်း၊ ဇူလိုင် ၂၇ ရက်တွင် ဖိလစ်ပိုင်အမျိုးသမီးအသင်း၊ ဇူလိုင်၂၉ ရက်တွင် သြစတြေးလျအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် အုပ်စုအနေအထားအရ ဆီမီးအဆင့်သို့တက်ရောက်ရန် အခွင့်အရေးများနေကြောင်း သိရသည်။
မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ဧပြီမှစ၍ စခန်းဝင်လေ့ကျင့်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်မည်ဖြစ်သည်။
ဒေါ်သက်သက်ဝင်းသည် ယခင်ကတည်းက မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး စီနီယာလက်ရွေးစင်အမျိုးသမီးအသင်းကိုလည်း တာဝန်ပေးအပ်မှုအရ ယာယီနည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်သက်သက်ဝင်းသည် ၂၀၂၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာ တတိယဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ဒေါ်သက်သက်ဝင်းသည် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့စဉ်ကလည်း ၂၀၁၉ အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။















