အင်းလေးကန် ထွက် ခရမ်းချဉ်သီးစျေးနှုန်းများ အဆမတန် ကျဆင်းခဲ့သဖြင့် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်နေရ

အင်းလေးကန် ထွက် ခရမ်းချဉ်သီးစျေးနှုန်းများ အဆမတန် ကျဆင်းခဲ့သဖြင့် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်နေရ
Published 18 July 2022

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထွက် ခရမ်းချဉ်သီးစျေးနှုန်းများ တစ်တင်းလျှင် တစ်သောင်းကျပ် ခန့် စျေးနှုန်း အထိ အဆမတန် စျေးကျခဲ့သဖြင့် တောင်သူများ ခွက်ခွက်လန် အောင် အရှုံးဖြင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ဇူလိုင်လ၁၈ ရက်တွင် အင်းလေးကန်တွင်းရှိ ကျေးရွာများမှ စိုက်တောင်သူများ ထံမှ သတင်း ရရှိပါသည်။

လက်ရှိ အချိန်တွင် ဇူလိုင်လ(၁၈) ရက် ပေါက်စျေးမှာ တစ်တင်းလျှင် တစ်သောင်းကျပ် စျေးနှုန်းခန့်သာ ရရှိသဖြင့် အသီးကောင်း တစ်ပိဿာလျှင် ၃၀၀ ကျပ်၊ အောက်စ သီး (၁၈၀) ကျပ် ဖြစ်ပြီး၊ ဝယ်လက် ပေးစျေး အတိုင်းသာ ရောင်းဝယ် နေကြရကြောင်း ညောင်ရွှေမြို့ရှိ ခရမ်းချဉ်သီး ဖြန့်ဖြူးရေး ပွဲရုံ တစ်ခု ထံမှ သိရသည်။

ယခုအချိန်သည် အင်းလေးကန် ထွက် ကျွန်းမျောသီး နှင့် အောင်ပန်း၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက် နှင့် ပအိုဝ်း ဒေသများမှ ထွက်ရှိသော ကုန်းပေါ်သီး ခရမ်းချဉ်သီး အများအပြား ထွက်ရှိသော ရာသီချိန် ဖြစ်သဖြင့် အထွက်နှုန်းများပြီး အဝယ်မရှိသဖြင့် ကုန်စိမ်းပွဲရုံ များနှင့် စိုက်တောင်သူများ အရှုံးကြီး ဖြင့် ရင်ဆိုင်ရပြီ ဖြစ်ကြောင်း စိုက်တောင်သူများက ဆိုသည်။ ထိုသို့ ဖြစ်ရခြင်း မှာ ရန်ကုန်၊ မန္တလေး နှင့် မြန်မာပြည် အထက်ပိုင်း ဒေသများတွင် စစ်ဘေးရှောင်များ တိုးလာခြင်းကြောင့် လည်းကောင်း ၊ စီးပွားရေး ကြပ်တည်းမှုကြောင့် ကုန်စိမ်းသီးနှံ ဝယ်မစားနိုင်တော့ခြင်းကြောင့် လည်းကောင်း သီးနှံ စျေးနှုန်း ကျဆင်းရခြင်း ဖြစ်ကာ အရင်းပြုတ်သည်အထိ ရှုံးနိုင်ကြောင်း အင်းလေးကန် ကျွန်းမျောစိုက်တောင်သူများက ဆိုသည်။

အင်းလေးကန်တွင် ခရမ်းချဉ်သီးကျွန်းမျော ခန့်မှန်း တစ်ဧက လျှင် ကုန်ကျစရိတ် ကျပ်သိန်း(၃၀) ကျော် ကုန်ကျပြီး၊ ယခု စျေးနှုန်းအတိုင်း ရောင်းရပါလျှင် ၂၅ သိန်းခန့် ရှုံးနိုင်ပြီး ၊ ဆိုးရွားသော အခြေအနေ များဖြင့် ရင်ဆိုင်ရပြီ ဖြစ်ကြောင်း မိုင်းသောက်မှ စိုက်တောင်သူ ခွန်ထွန်းဝေ က ဆိုသည်။ အင်းလေးကန်တွင် ခရမ်းချဉ်သီး စျေးနှုန်းကျဆင်းသဖြင့် စိုက်ခင်းကို ပစ်ထားသော တောင်သူများလည်း ရှိသည်ဟု ဆိုသည်။

' အသီးတွေက ပစ္စလက္ခတ် ဖြစ်သွားမယ့် အနေအထားတောင် ရှိတယ်။ အထွက်နှုန်းကများ စျေးနှုန်းက မရှိ၊ စျေးကွက် က မရှိ အဲလို ဖြစ်နေတယ်။ အင်းသီးရော အောင်ပန်းသီး ပအိုဝ်း သီး နယ်စုံ သွားတာလေ။ ရောင်းမယ့် နေရာ မရှိဘူး။ ဒီနှစ်ပိုဆိုးသွားတာပေါ့။ အကြပ်အတည်း ကြုံသွားတာပေ့ါ။ အသီးကောင်းက ၃၀၀ စျေး ပဲ ရှိတော့တယ်။ အောက်စ သီး ၁၈၀ ကျပ်၊ ၁၅၀ ကျပ် ပေါ့။ ထိပ်စ သီးက ၃၀၀ ကျပ် ၃၅၀ ကျပ် ဝယ်လက် က မရှိဘူး။ တစ်တင်းကို တစ်သောင်းလောက်ပဲ ရှိတာပေ့ါ။ အမှည့်ကျတော့ မကဘူး ဖြစ်သွားတာ အသီးတွေက အပျက်အစီး တအား များတယ်။ ခုက ရောင်းဖို့ အသားတင် ပိဿာချိန် ၂၀ တောင် မကျန်တော့ဘူး။ အပျက်တအား များတယ်။ အဲဒါ ကုန်သည်တွေက အရှုံးခံရတယ်။ ခုက တောင်သူတွေ ရော ကုန်သည်ရော အရှုံးပေါ်၊ နောက်ဆုံး မြေဆီ ရောင်းသမား ပါ ထိခိုက်သွားတာပေါ့။ တောင်သူ တွေ အရှုံးပေါ်တော့ မြေဆီဖိုးတွေ မချေနိုင်တော့ဘူးပေါ့။ အဓိကတော့ အထွက်နှုန်းများ၊ ပြည်တွင်း စားသုံးမှု အင်အားက တစ်ရက်ကို ပိဿာချိန် တစ်သိန်း လောက် ရှိတာ၊ ထွက်နှုန်းက ကုန်ချိန် နှစ်သိန်း လောက် ထွက်နေတာ လေ။ ထွက်နှုန်းများနေတာ ၊ ခရမ်းချဉ်သီး အများဆုံး စားတဲ့နေရာတွေက စစ်ဘေးဒုက္ခတွေ ရောက်နေကြတာလည်း ပါတာပေါ့။ ဒီတစ်ကြိမ် ထိခိုက်မှု က တော်တော်လေး ကျယ်ပြန့်မယ် ၊ လုံးဝ ပျက်စီးသွားမယ့် သဘော ရှိတယ်။ တစ်ယောက်ထဲ ထိတာ မဟုတ်ဘူး အကုန်လုံး ဖြစ်တာ၊ ဒီမှာ ကုန်ကျစရိတ်များတယ်။ ဒီစျေးနဲ့ပဲ ရောင်းဦးမယ် ဆိုရင်တောင် တစ်ဧက ကို ၂၅ သိန်း လောက် ရှုံးသေးတယ် 'ဟု မိုင်းသောက် မှ ခရမ်းချဉ်သီး ရောင်းဝယ်ရေး ဦးကျော်လွင်က ဆိုသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တစ်ကန်လုံးတွက် ခရမ်းချဉ်သီး အထွက်နှုန်းမှာ ညောင်ရွှေကို တင်း ၇၀၀၀ ခန့် (ကုန်ချိန် နှစ်သိန်းတစ်သောင်းခန့်) ဝင်ရောက်နေသည်မှာ ငါးရက်ခန့် ရှိပြီ ဖြစ်ကြောင်း ၊ မြန်မာပြည် အနှံ့သို့ တင်ပို့ကုန်မှာ တစ်ရက် ကုန်ချိန် တစ်သိန်း မပြည့်ကြောင်း ခရမ်းချဉ်သီး ရောင်းဝယ်ရေး ဦးကျော်လွင်က ဆိုသည်။

 

၂၀၂၂ ခုနှစ် ဇွန်လ အစောပိုင်းတွင် ပိဿာချိန်(၃၀) ပါဝင်သော တစ်တင်းလျှင် ၂၀၀၀၀ ကျပ် မှ ဇွန်လ လယ်ပိုင်းတွင် တတိတိဖြင့် စျေးနှုန်း ကျဆင်းလာခြင်း ဖြစ်ကာ ၊ ဇူလိုင်လ အစောပိုင်းတွင် တစ်တင်း တစ်သောင်းကျပ် အထိ ကျဆင်းလာရခြင်း ဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ ၁၈ ရက်တွင် တစ်တင်းလျှင် ကျပ် ၆၀၀၀ အထိသာ စျေးနှုန်း ရရှိတော့ကြောင်း လင်းကင်း ကျေးရွာရှိ ကျွန်းမျော စိုက် တောင်သူ များက ဆိုသည်။ ခရမ်းချဉ်သီး ကျွန်းမျော စိုက်တောင်သူများသည် စိုက်ပျိုးစရိတ် သီးနှံကုန်ကျစရိတ်များမှာ မျိုးစေ့ များ စျေးနှုန်းမြင့်မားခြင်း၊ ဓါတ်မြေဩဇာ မှာလည်း ယခင် ငါးသောင်း ကျော်မှ ယခု တစ်သိန်းကျော် အထိ စျေးတက်လာခြင်း၊ ကျွန်းမျော ခြံကျယ်လျှင် ကျယ်သလောက် လုပ်အားခ အဖြစ် တစ်လလျှင် ၂ သိန်းကျော် ၃ သိန်းကျော် အထိ လစဉ် ကုန်ကျစရိတ် ရှိနေခြင်း၊ ထွက်ရှိသော သီးနှံများကို သွားရောက်ရောင်းချရာတွင်လည်း စက်လှေဖိုး သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် တစ်အိတ်လျှင် တစ်ထောင်ကျပ် အထိ ကုန်ကျစရိတ် ရှိခြင်း ၊ ရာသီဥတု ကြောင့် သီးနှံ အထွက်နှုန်း လျော့ခြင်း နှင့် အပျက်အစီး များခြင်း စသည့် အခက်အခဲ များစွာ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ယခုလို စျေးနှုန်း ကျဆင်းချိန်တွင် အရှုံးဖြင့် ရင်ဆိုင်ရခြင်း ဖြစ်ကြောင်း မိုင်းသောက်မှ စိုက်တောင်သူ ဦးထွန်းဝေ က ဆိုသည်။

Most Read

Most Recent