လက်ရှိတိုက်စစ်အစုအဖွဲ့ကို ကျေနပ်မိသည်ဟု အင်တာမီလန်နည်းပြ အင်ဇာဂီ မှတ်ချက်ပြုခဲ့ပြီး ဒီဘားလားအား ခေါ်ယူဖွယ်မရှိတော့

လက်ရှိတိုက်စစ်အစုအဖွဲ့ကို ကျေနပ်မိသည်ဟု အင်တာမီလန်နည်းပြ အင်ဇာဂီ မှတ်ချက်ပြုခဲ့ပြီး ဒီဘားလားအား ခေါ်ယူဖွယ်မရှိတော့
Photo : Getty Images
Photo : Getty Images
Published 14 July 2022

အင်တာမီလန်အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီက အသင်း၏လက်ရှိတိုက်စစ်အစုအဖွဲ့ကို ကျေနပ်မိသည်ဟု မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။ အင်ဇာဂီ၏ပြောစကားကြောင့် အင်တာအသင်းအနေဖြင့် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးထားသည့် အာဂျင်တီးနား တိုက်စစ်ကစားသမား ဒီဘားလားကို ခေါ်ယူဖွယ်မရှိတော့ဟု အီတလီသတင်းများက သုံးသပ်ခဲ့သည်။

"ရိုမီလူ(လူကာကူ)က ချန်ပီယံ တစ်ဦးပါ။ လော်တာရိုကလည်း အရမ်းကောင်းပါတယ်။ ကော်ရီယာလည်း ကောင်းကောင်းကစားနေနိုင်တာကို ကျွန်တော်တို့ တွေ့မြင်ထားပါတယ်။  ဂျက်ကိုလည်း ရှိနေပြီးသားပါ။ ရိုမီလူကို ပြန်ခေါ်ခွင့်ရတာဟာ အခွင့်အလမ်း ကောင်းတစ်ခုပါ။ ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပုံမှန်နည်းဗျူဟာ မဟုတ်ရင်တောင်မှ ကော်ရီယာကို တိုက်စစ်မှူးတွေရဲ့ နောက်မှာ သုံးနိုင်ပါတယ်။ တိုက်စစ်ကစားသမား အများအပြားရှိမှုနဲ့အတူ  တစ်ပွဲပြီးတစ်ပွဲ ပြောင်းလဲလို့ရပါတယ်" ဟု အင်ဇာဂီက Sportitalia သို့ ပြောကြားခဲ့သည်။

ဒီဘားလား၏ သတင်းများနှင့်ပတ်သက်ပြီး အင်ဇာဂီက "ကျွန်တော်တို့ရဲ့တိုက်စစ်အစု အဖွဲ့ကို အရမ်းကျေနပ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ဟာ စီးရီးအေမှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့တယ်။  ပြီးတော့ လူကာကူကို ခေါ်နိုင်ခဲ့တယ်။ ဈေးကွက်ထဲ အသင်းရဲ့တခြားနေရာတွေမှာ ဘာတွေဖြစ်လာမလဲ စောင့်နေပါတယ်။ အသင်းဒါရိုက်တာတွေနဲ့ ပုံမှန်ဆက်သွယ်မှုရှိပါတယ်။ ရာနိုခီယာနေရာ အစားထိုးဖို့အတွက်တော့ ရှာရမှာပါ" ဟု အင်ဇာဂီက ဖြေကြားခဲ့သည်။

အင်တာမီလန်အသင်းသည် တိုရီနိုအသင်း၏ဘရာဇီးလ်နောက်ခံလူ ဘရေမာကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

Most Read

Most Recent