ဓမ္မစကြာအခါတော်နေ့

ဓမ္မစကြာအခါတော်နေ့
Published 11 July 2022

၀ါဆိုလပြည့်နေ့ကား “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဟူသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခြင်း/ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ၀ါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်း ဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသော နေ့လည်း ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်း ဖြစ်သည်။ ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့လည်း ဖြစ်သည်။

ထိုမျှသာမက သံဃာတော်များသည် ၀ါဆိုလပြည့်ကျော် ၁ ရက်မှစ၍ ၀ါတွင်းသုံးလ ကာလပတ်လုံး ၀ါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တစ်ဖက်ကလည်း ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ၀ါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ၀ါဆိုလပြည့်နေ့သည် အယူဝါဒရေး ဆိုင်ရာ နေ့ထူးနေ့မြတ် ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များ ဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်ပြီးနောက် ဓမ္မစကြာ တရားဦးဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္တိကသင်းကို နှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သောကြောင့်ပင်။

ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီးနောက် ရှေးဦးစွာ ဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဥ္စဝဂ္ဂီငါးဦးတို့အား ၀ါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ၀ါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံတော်အစိုးရအဆက်ဆက်တို့က သတ်မှတ်ထားသည်။ ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ၀ါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းဝင်းအတွင်းမှ အရပ်တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ၀ါဆို ၀ါကပ်မှုများကို ပြုကြသည်။

ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ၀ါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအား ထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်းတရားပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြ ခြင်းဖြင့် ၀ါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်း ရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာ အားထုတ်ရန် အစပြုသော ၀ါဆိုလပြည့်နေ့များတွင် လူတို့သည် ၀ါကပ်ခြင်း အမှုကို ပြုကြကုန်သော ရဟန်းသံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ၀ါဆို ၀ါကပ်ကို အစွဲပြု၍ ၀ါဆိုပန်း၊ ၀ါဆိုဖယောင်းတိုင် စသည့် ဝေါဟာရများ ပေါ်ပေါက်လာသည်။ မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဥ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ်၏။ ပဥ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်းလောင်းတို့အား ရဟန်းဘောင်သို့ အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသော ပွဲတော်ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာ မြန်မာနိုင်ငံတွင် ၀ါဆိုလပြည့်နေ့သည် ဓမ္မစကြာအခါတော်နေ့ဟု ခေါ်ဆိုသည့် နေ့ထူးနေ့မြတ်ကြီးတစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက နှိုးဆော်အပ်ပါသည်။

ဇူလိုင် ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent