သာမန်အသိတရား

သာမန်အသိတရား
Published 8 July 2022

သာမန်အသိတရား (Common Sense) ဟူသည် နေ့စဉ်ကိစ္စရပ်များနှင့်ပတ်သက်၍ သင့်တော်မှန်ကန်သော၊ လက်တွေ့ကျသော အကဲဖြတ်မှု သို့မဟုတ် လူအားလုံးနီးပါး သိမြင်ခံစားနိုင်သော ပုံစံမျိုးဖြင့် သိမြင်နိုင်မှု၊ နားလည်နိုင်မှုနှင့် အကဲဖြတ်နိုင်မှု အခြေခံ စွမ်းရည်ဖြစ်သည်။ သာမန်အသိတရား၏ နေ့စဉ်နားလည်မှုသည် ဥရောပဘာသာစကားများစွာပါဝင်သော သမိုင်းဆိုင်ရာ အတွေးအခေါ်ဆိုင်ရာ ဆွေးနွေးမှုမှ ဆင်းသက်လာသည်။ အင်္ဂလိပ်ဘာသာစကားတွင် ပညာရေးနှင့် ဉာဏ်ပညာကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ကွဲပြားသော အဓိပ္ပာယ်အရိပ်အယောင်များ ရှိသည်။ ‘ကောင်းသော အသိ’ ကို တစ်ခါတစ်ရံ ‘သာမန်အသိ’ နှင့် တူညီသည်ဟု ရှုမြင်ကြပြီး တစ်ခါတစ်ရံ၌မူ ထိုသို့မဟုတ်ပေ။

‘သာမန်အသိတရား’ ကို ဆွေးနွေးခဲ့သည့် ပထမဆုံးပုဂ္ဂိုလ် အရစ္စတိုတယ်က ၎င်းကို တိရစ္ဆာန်များ (လူသားများအပါအဝင်) ၌ အခြေခံကျသော အကဲဖြတ်ချက်အမျိုးမျိုး ရရှိရန်အတွက် လုပ်ငန်းစဉ်များဖြစ်သော အာရုံခံစားမှုဖြင့် တင်ကြိုသိမြင်မှုများ၊ မှတ်ဉာဏ်များနှင့် စိတ်ကူးစိတ်သန်းများ အစရှိသည်တို့ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သူ၏အလိုအရ လူသားများသာ မှန်ကန်သော ကျိုးကြောင်းဆင်ခြင်တွေးခေါ်မှုရှိပြီး ယင်းသည်ပင်  ၎င်းတို့အား ဘုံသဘော အသိတရားကို ကျော်လွန်သွားစေသည်ဟု ဆိုသည်။ ‘သာမန်အသိတရား’ တွင် အနည်းဆုံး တိကျသော ဒဿနိက အဓိပ္ပာယ်နှစ်ခုရှိသည်။ တစ်ခုမှာ အရစ္စတိုတယ် အဆိုပြုသော တိရစ္ဆာန်စိတ်၏ စွမ်းရည်တစ်ခုသည် မတူညီသော အာရုံများ ပေါင်းစည်းပုံနှင့် လူနှင့်အခြားတိရစ္ဆာန်များ၏ သီးခြားအရာဝတ္ထုများကို ခွဲခြားတတ်ပုံကို ရှင်းပြရန် ဖြစ်သည်။ ဤ ‘သာမန်အသိတရား’ သည် အခြေခံအာရုံခံစားမှုနှင့် လူ၏ဆင်ခြင်တုံတရားဆိုင်ရာ တွေးခေါ်ပုံနှင့် ကွဲပြားသော်လည်း နှစ်ခုလုံးနှင့် ပူးပေါင်းသည်။

ထိုဝေါဟာရ၏ ဒဿနဆိုင်ရာ ဒုတိယအသုံးပြုမှုအဖြစ် အခြားလူသားများနှင့် အသိုင်းအဝိုင်းအတွက် သဘာဝအတိုင်း လူသားများ အာရုံခံနိုင်စွမ်းဟု ဆိုသည်။ နေ့စဉ်အဓိပ္ပာယ်ကဲ့သို့ပင် ဤနှစ်ခုလုံးသည် လူအများစုအား သဘာဝအတိုင်း မျှဝေခံစားနိုင်မည်ဟု မျှော်လင့်ထားသည့် အခြေခံအသိတရားနှင့် အကဲဖြတ်နိုင်စွမ်းအမျိုးအစားကို ရည်ညွှန်းသည်။ နေ့စဉ်ကိစ္စရပ်များ ပါဝင်သော ‘သာမန်အသိတရား’ ၏ အဓိပ္ပာယ်များအားလုံးသည် ရှုပ်ထွေးသောသမိုင်းတွင် အပြန်အလှန်ဆက်နွှယ်နေပြီး ခေတ်သစ်အနောက်တိုင်း ယဉ်ကျေးမှု၌ အရေးကြီးသော နိုင်ငံရေးနှင့် ဒဿနဆိုင်ရာ အချေအတင်ဆွေးနွေးမှုများအတွင်း အထူးသဖြင့် သိပ္ပံ၊ နိုင်ငံရေးနှင့် စီးပွားရေးတို့နှင့်ပတ်သက်လျက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အခြားသော အနောက်ဥရောပဘာသာစကားများနှင့် ဆန့်ကျင်ဘက်ဖြစ်သော အင်္ဂလိပ်စကားတွင် အဓိပ္ပာယ်များကြား အပြန်အလှန် ဆက်စပ်မှုမှာ အထူးထင်ရှားလာပြီး အင်္ဂလိပ်အခေါ်အဝေါ်သည် နိုင်ငံတကာဖြစ်လာသည်။

ဉာဏ်အလင်းခေတ်ကတည်းက ‘သာမန်အသိတရား’ ဟူသော ဝေါဟာရကို ရသကောင်းအတွက် စံတစ်ခုအဖြစ်၊ သိပ္ပံနှင့် ယုတ္တိဗေဒဆိုင်ရာ အမှန်တရားအဖြစ် အသုံးပြုခဲ့ပြီး မနှစ်သက်သည့်သဘောအဖြစ် အောက်တန်းကျသော မလိုမုန်းထားမှုနှင့် အယူသည်းမှုတို့နှင့် ထပ်တူလည်း အသုံးပြုခဲ့ကြသေးသည်။ ၁၈ ရာစုအစတွင် ဤရှေးဟောင်း ဒဿနအသုံးအနှုန်းသည် ၎င်း၏ ခေတ်မီအင်္ဂလိပ်အဓိပ္ပာယ်ကို ပထမဆုံး ရရှိခဲ့သည်။ “ရိုးရှင်းသော၊ အလိုလိုထင်ရှားပြီးဖြစ်သော အမှန်တရားများ သို့မဟုတ် လူမှုအဆောက်အအုံတစ်ခုလုံး၏ အခြေခံ (သာမန်အသိတရား) အသိဉာဏ်ဆိုင်ရာ စွမ်းရည်နှင့် အတွေ့အကြုံများနှင့် အလွန်ကိုက်ညီလွန်းသောကြောင့် ဆုပ်ကိုင်ပြစရာ ထူးထွေဆန်းပြားမှုမရှိ၊  တိကျစွာလက်ခံရန် အထောက်အထားမရှိသော သမားရိုးကျ ဉာဏ်ပညာ” ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သူ၏ အကျော်ကြားဆုံး စာအုပ်များထဲမှ တစ်ခုဖြစ်သော Discourse on Method တွင် ဒေးကား (Descartes) သည် အသုံးအများဆုံး ခေတ်ပေါ်အဓိပ္ပာယ်နှင့် ၎င်း၏ အငြင်းပွားဖွယ်ရာများကို ဖော်ထုတ်ခဲ့ပြီး လူတိုင်းတွင် တူညီပြီး လုံလောက်သော ‘သာမန်အသိတရား’ ရှိသော်လည်း ယင်းကို ကောင်းစွာ အသုံးပြုခဲလှသည်ဟု ဆိုသည်။ ၁၈ ရာစုတွင် ဉာဏ်အလင်း ရရှိပြီးနောက် ခေတ်သစ်တွေးခေါ်မှုအတွက် အခြေခံအဖြစ်  ‘သာမန်အသိတရား’ အပေါ်ပို၍အကောင်းမြင်လာခဲ့သည်။ သောမတ်ပိန်း (Thomas) ၏ စကားစစ်ထိုးမှုဆိုင်ရာ စာစောင်ဖြစ်သော Common Sense (၁၇၇၆) ကို ၁၈ ရာစု၏ သြဇာအရှိဆုံး နိုင်ငံရေးလက်ကမ်းစာစောင်အဖြစ် ဖော်ပြခဲ့ပြီး အမေရိကန်နှင့် ပြင်သစ်တော်လှန်ရေးတို့အပေါ် သြဇာသက်ရောက်ခဲ့သည်။ ယနေ့ခေတ်တွင် ‘သာမန်အသိတရား’ ဟူသည့် သဘောတရားနှင့် ၎င်းကို အကောင်းဆုံးအသုံးပြုပုံသည်  ခေတ်သစ် လူမှုသိပ္ပံပညာ၏ အတွေးအခေါ်ကို ညွှန်ပြနေသော အထူးဂရုပြုမှုနှင့်အတူ ‘သိမှုဗေဒ’ (Epistemology) နှင့် ‘ကျင့်ဝတ်ဗေဒ’ (Ethics) တို့၌ အတည်တံ့ဆုံး အကြောင်းအရာများစွာတို့နှင့် ဆက်နွှယ်ပတ်သက်နေဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နေ့စဉ်ကိစ္စရပ်များနှင့်ပတ်သက်၍အကဲဖြတ်လုပ်ဆောင်ရာ၌ပင် အခြေခံကျသည့် သာမန်အသိတရား (Common Sense) သည် လူသားတို့အတွက် မဖြစ်မနေ လိုအပ်သည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent