(၇) ကြိမ်မြောက် မဲခေါင်-လျန်ချန်းနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပုဂံမြို့တွင် ကျင်းပ

(၇) ကြိမ်မြောက် မဲခေါင်-လျန်ချန်းနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပုဂံမြို့တွင် ကျင်းပ
Published 5 July 2022

(၇) ကြိမ်မြောက် မဲခေါင်-လျန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၄ ရက်က ပုဂံမြို့တွင် ကျင်းပနေစဉ်

(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်က ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းအစည်းအဝေးသို့ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်း၊ လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆလမ်မုဆေကိုမာဆစ်၊  ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဝီနိုင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗူရီသိုင်စွန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက်အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်းပူး ပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအား သုံးသပ်ခြင်းနှင့် အနာဂတ်လုပ်ငန်းစဉ်များအားဆွေးနွေးခြင်း၊ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေးနည်းလမ်းများအပေါ် အမြင်ချင်းဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နိုင်ငံခြား‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားခဲ့ရာတွင် လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကို စည်းလုံးညီညွတ်မှု အခြေခံသည့် စုပေါင်းအားဖြင့် ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒေသတွင်းကျန်းမာရေးလုံခြုံမှုကဏ္ဍတွင် ကိုဗစ်-၁၉ အပါအဝင် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

ထို့အပြင် စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် ဦးစားပေးပူးပေါင်းဆောင်ရွက်ရန်နှင့် လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ထိရောက်စွာတုံ့ပြန်နိုင်မည်ဟု ယူဆသည့်အတွက် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်ကို ကြိုဆိုထောက်ခံကြောင်း၊ ဒေသတွင်းငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုမရှိလျှင် ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်မည်မဟုတ်သည့်အတွက် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးလုပ်ငန်းစဉ်ကို‌ ထောက်ခံကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအောက်၌ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များဖြစ်သည့်  အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လက်နက်မှောင်ခို တိုက်ဖျက်ရေးစသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန်လိုအပ်ကြောင်း၊  အဖွဲ့ဝင်နိုင်ငံများသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်တိုးမြှင့်ရေးအတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ် ထူထောင်ရန်ကိုလည်း ကြိုဆိုကြောင်းနှင့် ရေအရင်းအမြစ်၊ စိုက်ပျိုးရေး၊ စက်မှုကုန်ထုတ်လုပ်မှု စွမ်းရည်တိုးမြှင့်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ပြည်ဖြိုးမြဲစွမ်းအင်အပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူပူးတွဲဥက္ကဋ္ဌတရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မိန့်ခွန်းပြောကြားရာတွင် မဲခေါင်-လန်ချန်းပူး ပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်ဦးဆောင်မှုကို တိုးမြှင့်သွားရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့သွားရေး၊ အစိမ်းရောင်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမြှင့် တင်ဆောင်ရွက်ရေး၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံမှုတိုးမြှင့်ရေးတို့အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ တရုတ်နိုင်ငံမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်မှ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ရာ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့်လူစွမ်းအားအရင်းအမြစ် မြှင့်တင်ရေးလုပ်ငန်းစဉ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မဲခေါင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများကလည်း မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ  ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုဆွေးနွေးခဲ့ပြီး အစည်းအဝေးမှ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကာ အကောက်အခွန်၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ‌ရေးနှင့် ပြည်သူများအကြား အပြန်အလှန်သင်ယူမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကဏ္ဍများအတွက် သီးခြားထုတ်ပြန်ချက်လေးခုကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ယင်းနောက် အစည်းအဝေးအပြီးတွင် နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန မြေနေရာအတွင်း၌ တည်ဆောက်ထားသည့် မဲ‌ခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)အဆောက်အဦး ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ရာ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများတက်ရောက်ခဲ့သည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို  ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။

Most Read

Most Recent