ဒေါ်အောင်ဆန်းစုကြည်အား လုုံခြုံရေးအရ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး စားဝတ်နေရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အထူးစောင့်ရှောက်မှုများ ပြုလုပ်ထားဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်အား လုုံခြုံရေးအရ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး စားဝတ်နေရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အထူးစောင့်ရှောက်မှုများ ပြုလုပ်ထားဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 2 July 2022

အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား လုံခြုံရေးအရ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး စားဝတ်နေရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး စောင့်ရှောက်မှုများ ပြုလုပ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဇူလိုင် ၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစု ကြည်အား နေအိမ်တွင် ပြန်လည်ရွှေ့ပြောင်းထားရှိရန် အာဆီယံအထူးကိုယ်စားလှယ်က တောင်းဆိုထားသည့် ကြေညာချက်နှင့်ပတ်သက်၍ နစက၏ သဘောထားအားသိလိုကြောင်း  သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ အရင် နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဖြေကြားခဲ့တဲ့ဟာ ပုံသေဘဲဖြေကြားခဲ့တာ တစ်ခုပဲရှိပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။ ကျွန်တော်တို့အနေနဲ့ နေရာပြောင်းရွှေ့ထားတဲ့အခါမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အထူးတလည်စောင့်ရှောက်မှုများ ကျွန်တော်တို့ ပြုလုပ်ထားပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်တွင် ရွေးကောက်နှင့်ပတ်သက်၍ တရားစွဲဆိုထားသည့် အမှုအပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား မူလထိန်းသိမ်းထားသည့် နေရာမှ ဇွန် ၂၂ ရက်တွင် နေပြည်တော်အချုပ်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဓိကက တော့ ကျွန်တော်တို့အနေနဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ တရားရုံးထုတ်တဲ့အခါမှာ ပိုမိုအဆင်ပြေစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ပဲ ကျွန်တော် ပြောချင်ပါတယ်”ဟု ပြောကြားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်ဆေးပြီးစီးသွားသည့် အမှုများအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ဆက်လက်၍ တရားရင်ဆိုင်နေရဆဲအမှုများအား နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် အပတ်စဉ် ရုံးထုတ်စစ်ဆေးလျက်ရှိကြောင်း  သိရသည်။

Most Read

Most Recent