မှုခင်းဗေဒဆိုင်ရာ သဘောတရားများ

မှုခင်းဗေဒဆိုင်ရာ သဘောတရားများ
Published 1 July 2022

မှုခင်းဗေဒ (Criminology) ဟူသည် ပြစ်မှုကျူးလွန်တတ်သော အပြုအမူနှင့် ပတ်သက်သည့် သဘောသဘာဝ၊ အတိုင်းအတာ၊ စီမံမှု၊ အကြောင်းတရားများ၊ ထိန်းချုပ်မှု၊ အကျိုးဆက်များနှင့် ကာကွယ်မှုတို့ကို တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းအလိုက်ဟူသည့် အဆင့်နှစ်ရပ်စလုံး၌ သိပ္ပံနည်းကျ လေ့လာသောပညာရပ်ဖြစ်သည်။ မှုခင်းဗေဒသည် အပြုအမူဆိုင်ရာသိပ္ပံပညာရပ်နှင့် လူမှုသိပ္ပံပညာရပ်နယ်ပယ်နှစ်ရပ်စလုံး၌ အကျုံးဝင်သည့် သဘောထားစည်းမျဉ်းများ ရောယှက်နေသော ပညာရပ်ဖြစ်ပြီး အထူးသဖြင့် လူမှုဗေဒပညာရှင်များ၊ စိတ်ပညာရှင်များ၊ စိတ်ရောဂါကုပညာရှင်များ၊ လူမှုမနုဿဗေဒ ပညာရှင်များအပြင် ဥပဒေပညာရှင်များ၏ သုတေသနများအပေါ် အခြေခံထားသည်။ Criminology ဟူသည့် အသုံးအနှုန်းကို ၁၈၈၅ ခုနှစ်တွင် အီတလီ ဥပဒေပါမောက္ခ ရာဖေးဂါရိုဖာလိုက Criminologia ဟု စတင်သုံးစွဲခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း၌ ပြင်သစ် မနုဿဗေဒပညာရှင် ပေါတိုပီနတ်က Criminologie ဟု သုံးစွဲခဲ့သည်။

မှုခင်းဗေဒ၌ ပြစ်မှုများကို မည်သို့မည်ပုံကိုင်တွယ်ရမည် သို့မဟုတ် ကာကွယ်ရမည်ဟူသည်နှင့် ပတ်သက်၍ ဆက်လက်ငြင်းခုံဆွေးနွေးရန်အတွက် လူများ အဘယ့်ကြောင့် ပြစ်မှုကျူးလွန်ရသနည်းဟူသည့် အချက်ကို စစ်ဆေးရန်ကိစ္စသည် လွန်စွာအရေးကြီးသည်။ ပြစ်မှုအမျိုးအစားများနှင့် အဆင့်များကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရန်အတွက် မှုခင်းဗေဒပညာရှင်များက အကောင်းဆုံးဖြေရှင်းချက်များကို ရှာဖွေကြရာတွင် နှစ်များစွာအတွင်း သဘောတရားပေါင်းများစွာ ပေါ်ထွက်လာပြီး ယင်းတို့ကို တစ်ဦးချင်းအလိုက် သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ဆက်လက်လေ့လာမှုများ ပြုလုပ်ကြသည်။ ယင်းတို့အနက် အရေးကြီးသော သဘောတရားအချို့ကို တင်ပြပါမည်။

ချိန်ဆရွေးချယ်မှု သဘောတရား - လူများသည် အထွေထွေသဘောအရ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ပြုလုပ်ကြပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ (အဖမ်းခံရကာ အပြစ်ပေးခံရနိုင်ခြင်း အပါအဝင်)ကို ရရှိမည့် အကျိုးအမြတ်နှင့် ချိန်ဆပြီးနောက် ပြစ်မှုကျူးလွန်ရန် ဆုံးဖြတ်ချက်များချခြင်းဖြစ်သည်။

လူမှုရေးဆိုင်ရာ ဖွဲ့စည်းပုံမကျခြင်း သဘောတရား - လူတစ်ဦး ပြုလုပ်သည့် အပြုအမူဆိုင်ရာ ရွေးချယ်မှုများအတွက် ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာဝန်းကျင်များက အဓိက အရေးပါသည်။ အထူးသဖြင့် လူမှုရေးဖွဲ့စည်းပုံများအရ ကိုးယိုးကားရား ဖွာလန်ကြဲနေသော ပတ်ဝန်းကျင်တစ်ရပ်က ပြစ်မှုကျူးလွန်မှုနှုန်းများ ပိုမိုမြင့်မားစေနိုင်သည်။ ယင်းကဲ့သို့သော ဝန်းကျင်တစ်ရပ်သည် ကျောင်းများ ကောင်းကောင်းမရှိခြင်း၊ အအောက်အအုံအလွတ်များနှင့် ဖောက်ထွင်းနိုင်သော အဆောက်အအုံများ များပြားခြင်း၊ အလုပ်လက်မဲ့ ပေါများခြင်း၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ရောထွေးတည်ရှိခြင်းတို့ ဖြစ်နိုင်သည်။

အကြံကုန် ဂဠုန်ဆားချက်သဘောတရား - လူအများစု၌ တူညီသော ဆန္ဒနှင့်ရည်မှန်းချက်များ ရှိကြသည်။ သို့သော် ၎င်းတို့အားလုံး၌ တူညီသော အခွင့်အလမ်းများ သို့မဟုတ် အရည်အချင်းများ မရှိကြပေ။ ၎င်းတို့အနေဖြင့် လူ့အဖွဲ့အစည်း၏ ရည်မှန်းချက်များကို အလုပ်ကြိုးစားခြင်းကဲ့သို့သော အများသိရှိပြီး နည်းလမ်းများမှတစ်ဆင့် ရယူနိုင်ခြင်း မရှိသည့်အခါ သို့မဟုတ် ကျေနပ်လောက်သည့် အဆင့်ရရန် ကြန့်ကြာနေသည့်အခါ သူတို့သည် ပြစ်မှုကျူးလွန်ခြင်းမှတစ်ဆင့် အောင်မြင်မှုကို ရရှိအောင် ကြိုးပမ်းတတ်ကြ သည်။

မုဆိုးနားနီး မုဆိုး၊ တံငါနားနီးတံငါ သဘောတရား - လူများသည် ပြစ်မှုကျူးလွန်ရန် စေ့ဆော်မှုများနှင့် ပြစ်မှုကျူးလွန်ရန် ကျွမ်းကျင်မှုများကို ၎င်းတို့ပေါင်းသင်းသည့် အဖော်အပေါင်းများထံမှ ရရှိတတ်ကြသည်။

မိမဆုံးမ ဖမဆုံးမ သဘောတရား - ကျောင်းများ၊ အလုပ်ခွင်များ၊ ခရစ်ယာန်ကျောင်းများ၊ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများနှင့် မိသားစုများကဲ့သို့သော အင်စတီကျူးရှင်းများမှတစ်ဆင့် ထိန်းချုပ်မှုကို ခံယူရခြင်းမရှိသူများအနေဖြင့် ပြစ်မှုကျူးလွန်တတ်ကြသည်။

တံဆိပ်ကပ်ခံရခြင်း သဘောတရား - အာဏာရှိသူများက မည်သည့်အပြုအမူများသည် ပြစ်မှုများဖြစ်သည်ဟု ဆုံးဖြတ်ပြီး တစ်စုံတစ်ဦးအား ပြစ်မှုကျူးလွန်သူဟု တံဆိပ်ကပ်ခြင်း အပြုအမူက ထိုသူ့အား ပြစ်မှုကျူးလွန်သူ ဖြစ်သွားစေသည်။ လူတစ်ဦးသည် ပြစ်မှု ကျူးလွန်သူဟူ၍ တံဆိပ်ကပ်ခံလိုက်ရသည်နှင့် လူ့အဖွဲ့အစည်းက သူ၏ အခွင့်အလမ်းများကို ဖယ်ရှားပစ်လိုက်ကြတော့သည်။ ယင်းက ထိုသူ့အား နောက်ထပ်ပြစ်မှုများ ကျူးလွန်စေသည့် အလေ့အထဆီ တွန်းပို့လိုက်ကြသည်။

ဇီဝဗေဒ၊ မျိုးဗီဇနှင့် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ သဘောတရား - အာဟာရချို့တဲ့ခြင်း၊ စိတ်မကျန်းမာခြင်း၊ ဦးနှောက်၏ ဓာတုဖွဲ့စည်းပုံ မကောင်းခြင်းအပြင် ဆင့်ကဲဖြစ်စဉ်တို့က လူတစ်ဦးအား ပြစ်မှုကျူးလွန်စေတတ်သော ရန်လိုမှုကိုပေးပြီး ယင်းတို့ကို ပြစ်မှုကျူးလွန်ရခြင်းအတွက် ရှင်းပြရာ၌ အသုံးပြုတတ်သည်။

အထူးသဖြင့် ပြစ်မှုဖြစ်ပွားမှုနှုန်း မြင့်မားနေသည့်လူ့အဖွဲ့အစည်းတစ်ရပ်၌ ယင်းတို့ကို ကိုင်တွယ် ဖြေရှင်းရန်နှင့် ကာကွယ်ရန်တို့အတွက် နည်းလမ်းနှင့် သဘောတရားများ ရှာဖွေနိုင်သည့် မှုခင်းဗေဒပညာရှင်များလိုအပ်ပြီး အဆိုပါပညာရှင်တို့အနေဖြင့် သုတေသနများ လွတ်လပ်စွာ ပြုလုပ်နိုင်စေရန်လည်း အားပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent