ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ဟိုနားရပ်၌ ဇွန်လ ၂၈ ရက် ည ၈ နာရီအခန့်က တစ်ရက်တည်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့ရသည်။
မူဆယ်မြို့၌ ဇွန်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၁၅ လောင်းတွေ့ရှိထားရပြီး အများစုမှာ မူးယစ်ဆေးဝါးသုံးစွဲလက္ခဏာဖြင့် သေဆုံးသူများ ဖြစ်ကြောင်း မူဆယ်မြို့ရှိပရဟိတအသင်းအဖွဲ့များထံက သိရသည်။
မူဆယ်ခရိုင် ပြည်သူ့ဆေးရုံးကြီးနောက်ဘက် ကွန်တိန်နာ သေတ္တာထဲ၌ အသက် ၃၀ ကျော်အမျိုးသားတစ်ဦး နှင့် အိပ်မက်ကမ္ဘာ KTV အနီးအနားရေမြောင်းဖုံးပေါ်၌ အသက် ၃၆ ဝန်ကျင် အမျိုးသားတစ်ဦးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“မနေ့ညက အကြောင်းကြာလာတော့ သွားပြီးကူညီပေးခဲ့ပြီး မူဆယ်မြို့နယ် ပြည်သူဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်။သူတို့မှာတော့ အပြင်ဒဏ်ရာတွေမတွေ့ရဘူး၊ကျွန်တော်တို့ ကူညီပေးခဲ့တဲ့ ပိုင်ရှင်မဲ့အလောင်းအများစုက မူးယစ်ဆေးသုံးစွဲထားသူတွေဖြစ်တယ်၊ အခုလိုမိုးတွင်းနဲ့ ဆောင်းတွင်းမှာဆို မူးယစ်ဆေးသုံးစွဲသူတွေက ရာသီဥတုဒဏ်ကြောင့် သေဆုံးရတာများတယ်။ကျွန်တော်တို့ကတော့ ပုဂ္ဂိုလ်မစွဲ ဝါဒမမြင် မူဝါဒနဲ့ အရုတ်အလတ်အမြတ်မရွေး အခမဲ့ ကူညီပေးပါတယ်” ဟု နှလုံးလှလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဖိုးထောင်ကပြောကြားသည်။
မူဆယ်မြို့ စွမ်စော်ရပ် စွမ်စော် ၁ လမ်း ၌ ဇွန်လ ၂၄ ရက် ညနေ ၃ နာရီအချိန်ခန့်က အသက် ၃၀ ဝန်းကျင်ခန့် အမည်မသိအမျိုးသမီးတစ်ဦး မူယစ်ဆေးစွဲ လက္ခဏာဖြင့် သေဆုံးခဲ့ကြောင်း သိရပြီး တာဝန်ရှိသူများ၏ အကူအညီတောင်းခံမှုကြောင့် သဒ္ဒါဖြူစင်လူမှုကူညီရေးအသင်းက သွားရောက်ကူညီသယ်ဆောင်ပြီး မူဆယ်သုဿာန်၌ မြေချသင်္ဂြိုလ်ခဲ့ရသည်။
ဇွန်လအတွင်း မူဆယ်မြို့၌ ပိုင်ရှင်မဲ့ ရုပ်အ လောင်း ၁၅ လောင်းတွေ့ရှိခဲ့ပြီး ပရဟိတအသင်းများက သွားရောက်ကူညီ မြေချသင်္ဂြိုလ်ပေးခဲ့ကြောင်းသိရပြီး ၎င်းတို့အားလုံးမှာ မူးယစ်ဆေးဝါးသုံးစွဲပြီးသေဆုံးသည့်လက္ခများရှိသည့် လူလတ်ပိုင်းအရွယ်များဖြစ်ကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းအဖွဲ့များထံက သိရသည်။















