လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ထပ်မံလာရောက်ခိုလှုံသည့် မကွေးတိုင်းမှ PDF အဖွဲ့ဝင် ကိုးဦးနှင့် ဧရာဝတီတိုင်းမှ PDF အဖွဲ့ဝင် ခုနစ်ဦးတို့ကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ထပ်မံလာရောက်ခိုလှုံသည့် မကွေးတိုင်းမှ PDF အဖွဲ့ဝင် ကိုးဦးနှင့် ဧရာဝတီတိုင်းမှ PDF အဖွဲ့ဝင် ခုနစ်ဦးတို့ကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်
Published 14 June 2022

လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ထပ်မံလာရောက်ခိုလှုံသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် မကွေးတိုင်းမှ PDF အဖွဲ့ဝင်ကိုးဦးနှင့် ဧရာဝတီတိုင်းမှ PDF အဖွဲ့ဝင် ခုနစ်ဦးတို့ကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ထပ်မံလာရောက်ခိုလှုံသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ်၊ တပ်နယ်မှူးဗိုလ်မှူးချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း ပါရှိသည်။

ဦးစွာ ပဒါန်းတပ်နယ်၊ တပ်နယ်မှူးက ဆုံးမစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်အမျိုးသား ကိုးဦးအား တာဝန်ရှိသူများ ရှေ့မှောက်၌ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လက်မှတ်ရေးထိုးလွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း၊ ထို့ပြင်လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ခိုလှုံခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ပြီး မိဘအုပ်ထိန်းသူများကိုယ်စား ပဒါန်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း ဖော်ပြထားသည်။

အလားတူ ဇွန် ၁၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ PDF အဖွဲ့ဝင် အမျိုးသား သုံးဦးနှင့် အမျိုးသမီးလေးဦး စုစုပေါင်းခုနစ်ဦးတို့သည် နိုင်ငံတော်အစိုးရ၏ ကမ်းလှမ်းမှုကို ယုံကြည်လက်ခံသဖြင့် အလင်းဝင်ရောက်ခဲ့ရာ တာဝန်ရှိသူများမှ နွေးထွေးပျူငှာစွာ လက်ခံကြိုဆိုခဲ့ကြောင်းနှင့် ၎င်းတို့အား ဝန်ခံကတိလက်မှတ်များ ရေးထိုးစေကာ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပြီး ၎င်းတို့၏အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံထားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဇွန် ၆ ရက်ကလည်း ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံခဲ့သဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်ရှိ အောင်ဆန်းခန်းမ၌ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း  သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

Most Read

Most Recent