ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့တို့တွင် ငွေကျပ် ၁၇၀၅ ဒသမ ၃၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မေ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ ---- ဟိုတယ်အခန်းအား ဝင်ရောက်ရှာဖွေရာ တည်းခိုနေသူ ဟိန်းသူစိုး(ခ)Shake နှင့် နိုင်လွင်ဆိုသူတို့အား တွေ့ရှိပြီး ဟိန်းသူစိုး(ခ)Shake ထံမှ အက်တက်စီဆေးပြား ၅၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ်သိန်း ၂၀)၊ ကတ်တမင်းအလေးချိန် ၃ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁ ဒသမ ၅သိန်း)နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီတွင် ထက်ဝေအောင်ဆိုသူအား ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ---- ဟိုတယ် ကားပါကင်၌ Chevrolet အအမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့်အတူ အက်တက်စီဆေးပြား ၄၀၀၀ ပြား၊ ကတ်တမင်း ၁၇၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၁ သိန်း)၊ စိတ်ပြောင်းဆေးဝါးဟုယူဆရသော အမှုန့်(စိစစ်ဆဲ) ၄၉၀ ဂရမ် (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၈ သိန်း)နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ မေ ၂၆ ရက် နံနက် ၇ နာရီတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကောင်းစစ် (ခ)ကိုစစ်အား ကတ်တမင်းအလေးချိန် ၀.၂ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၀၀၀)၊ အက်တက်စီဆေးပြား ၁ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၀၀၀၀)၊ စိတ်ပြောင်းဆေးဝါးဟုယူဆရသော ရွှေရောင် အမှုန့်(စိစစ်ဆဲ) ၁၅ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄.၅ သိန်း)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အားလည်းကောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဟိန်းသူစိုး(ခ) Shake (၁၉)နှစ်၊ နိုင်လွင်(၃၀)နှစ်၊ ထက်ဝေအောင်(ခ) Jason (၃၁)နှစ် နှင့် ကောင်းစစ်(ခ) ကိုစစ်(၅၀)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိ ကြောင်း CCDAC Myanmar က သတင်းထုတ်ပြန်သည်။