မည်သည့်အစိုးရဘက်မှ မည်သူ အုပ်ချုပ်သည်ဖြစ်စေ ပဋိပက္ခ ပို၍ မဖြစ် စေလိုသောကြောင့် မည်သည့်ဘက်ကမျှ ပါဝင် ပတ်သက်မည် မဟုတ်ကြောင်း "၀" ကိုယ်စားလှယ်အဖွဲ့ ပြောကြား

မည်သည့်အစိုးရဘက်မှ မည်သူ အုပ်ချုပ်သည်ဖြစ်စေ ပဋိပက္ခ ပို၍ မဖြစ် စေလိုသောကြောင့် မည်သည့်ဘက်ကမျှ ပါဝင် ပတ်သက်မည် မဟုတ်ကြောင်း "၀" ကိုယ်စားလှယ်အဖွဲ့ ပြောကြား
Published 31 May 2022

မည်သည့်အစိုးရဘက်မှ မည်သူအုပ်ချုပ်သည်ဖြစ်စေ ပဋိပက္ခပို၍ မဖြစ်စေလိုသောကြောင့် မည်သည့်ဘက်ကမျှ ပါဝင်ပတ်သက်မည် မဟုတ်ကြောင်း "၀" ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် "၀" ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် "၀" ကိုယ်စားလှယ်အဖွဲ့မှ တင်ပြပြောဆိုရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် လက်ရှိပြည်တွင်းအခြေအနေအရ "၀" အဖွဲ့၏ သဘောထားမှာ အစိုးရဘက်မှ မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခပို၍ မဖြစ်လိုသောကြောင့် မည်သည့်ဘက်မှ ပါဝင်ပတ်သက်မည် မဟုတ်ကြောင်း၊ လွတ်လပ်ရေးရပြီး နှစ် ၇၀ ကျော်ကြာ ပဋိပက္ခသည် မည်သည့်အခြေခံပြဿနာကိုမျှ အင်အားသုံး၍ မဖြေရှငး်နိုင်သည်ကို သက်သေပြနေကြောင်း၊ ၎င်းသည် လူမျိုးစုအသီးသီးနှင့် ပဋိပက္ခများအတွက်သာမက ဗမာလူမျိုးအတွင်းရှိ ပဋိပက္ခများအတွက်လည်း သင်ေ့လျာ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာနိုင်ငံ၏ အခြေအနေကို ဖြေရှင်းရန် ကြိုးစားနေသော်လည်း နောက်ဆုံးဖြေရှင်းရာတွင် ပြည်တွင်းပဋိပက္ခဖြစ်ပွားသော သက်ဆိုင်သူဘက်ကိုသာ အားကိုးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ ပဋိပက္ခဖြစ်ပွားသော သက်ဆိုင်သူဘက်အနေဖြင့် စစ်ရေးပဋိပက္ခကြောင့် တန်ဖိုးရှိသော အသက်ပေါင်းများစွာ ပိုမိုဆုံးရှုံးဖြင်း၊ လူမှုအသိုင်းအဝိုင်းနှင့် လူမျိုးစုများ ကွဲပြားခြင်း၊ အမုန်းတရားများ သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းသည့်လုပ်ဆောင်မှု ရှောင်ရှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အမြန်ဆုံးဖြေရှင်းရန် မိမိတို့က စိုးရိမ်မှုကြီးစွာဖြင့် အနူးအညွတ်တိုက်တွန်းပန်ကြားအပ်ကြောင်းကိုလည်း "၀" ကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ုပြင် နိုင်ငံတော်အား ပြိုကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်းများကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာက လွဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည်ဖြစ်ကြောင်း၊ အစိုးရနှင့် ချုပ်ဆိုထားသော "ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်" ကို ဆက်လက်လိုက်နာပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ယခင် မိမိတို့ဘက်မှ ပြည်ထောင်စု အစိုးရသို့ အဆိုပြုတင်ပြခဲ့သော "နိုင်ငံရေး ဆွေးနွေးမှု အထွေထွေမူဝါဒ" အရ အခြားတိုင်းရင်းသား ပြည်နယ်နှင့် တန်းတူရည်တူသော "၀" အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တည်ထောင်ရန် တောင်းဆိုအပ်ကြောင်း၊ ဤသည်မှာ "၀" ပြည်နယ်ရှိ လူခြောက်သန်းသော ပြည်သူတစ်ရပ်လုံး၏ စိတ်ဆန္ဒလည်း ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အတူ အစိုးရနှင့် ဆွေးနွေးမှုအတွက် သဘောတူညီမှု မရရှိနိုင်ပါက လက်ရှိအနေအထားကို ထိန်းသိမ်းရန်၊ နှစ်ဖက်ကြား ပဋိပက္ခများကို ရှောင်ရှားရန်နှင့် အနာဂတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်ပြေစေရန်အတွက် ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းသွားရန် တောင်းဆိုအပ်ကြောင်း "၀" ကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent