ယူကရိန်းအရှေ့ပိုင်းကို သိမ်းယူရန် ရုရှားတို့ အဘယ်ကြောင့် ကြိုးပမ်းနေသနည်း

ယူကရိန်းအရှေ့ပိုင်းကို သိမ်းယူရန် ရုရှားတို့ အဘယ်ကြောင့် ကြိုးပမ်းနေသနည်း
Photo:NPR
Photo:NPR
Published 31 May 2022
​​​​​​​ဖြိုးဟိန်းကျော်

ဒွန်းဘတ်စ်ဟုအမည်တွင်သော ရှေးဟောင်း စက်မှုဗဟိုချက်ဒေသလွတ်မြောက်ရေးဟူသည့် ကြွေးကြော်မှုဖြင့် ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်းရှိ မြို့ကြီးမြို့ငယ်များကိုလက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။

ယူကရိန်း၏မြို့တော် ကိယက်ဗ်နှင့် ဒုတိယအကြီးဆုံးမြို့ ခါကိဗ်တို့ကိုသိမ်းယူမည့် အစီအစဉ်အား စွန့်လွှတ်ခဲ့ရပြီးနောက် သမ္မတ ဗလာဒီမာပူတင်သည် ရုရှားစကားပြောသူအများစုနေထိုင်ရာ ယူကရိန်းအရှေ့ပိုင်း၌  စစ်ရေးအောင်မြင်မှုကို ပုံဖော်ဖန်တီးနိုင်ရန် ပစ်မှတ်ထားလာခဲ့သည်။ ယင်းဒေသ၌ ယူက ရိန်းအစိုးရသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်ဟုလည်း သမ္မတပူတင်ကစွပ်စွဲထားသည်။

သမ္မတပူတင်အနေဖြင့် အောင်ပွဲရကြောင်း ကြေညာပြီး ဤစစ်ဆင်ရေးကိုအဆုံးသတ်နိုင်ရန်အတွက် အနိမ့်ဆုံးအနေဖြင့် ယူကရိန်းအရှေ့ပိုင်း၌ ၎င်း၏ရည်မှန်းချက်များ ပြည့်မြောက်ရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိတွင် ရုရှားတပ်များသည် ယူကရိန်းတောင်ပိုင်းတစ်ခွင်ကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်လျက်ရှိစဉ် ဒွန်းဘတ်စ်ဒေသတိုက်ပွဲသည် ဒုတိယကမ ္ဘာစစ်နောက်ပိုင်းဥရောပမြေတွင် ဖြစ်ပွားသည့် အပြင်းထန်ဆုံးစစ်ပွဲ ဖြစ်သည်ဟု ယူကရိန်းဘက်က ဆိုထားသော်လည်း သမ္မတဇယ်လန်းစကီးကမူယူကရိန်းစစ်တပ်အနေဖြင့် အမိမြေအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမည်ဟု ကတိပြုထားသည်။

ဒွန်းဘတ်စ်ဒေသဟု ဆိုရာဝယ် ရုရှားခေါင်းဆောင်အနေဖြင့် ဒွန်းဘတ်စ်ဒေသနှင့် ပတ်သက်၍ ညွှန်းဆိုရာတွင်ယူကရိန်း၏ ကျောက်မီးသွေးနှင့် သံမဏိထုတ်လုပ်သည့် ဒေသကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ ယူကရိန်းတောင်ပိုင်း မာရီယူပိုးလ် ဆိပ်ကမ်းမြို့ပြင်မှသည် နိုင်ငံမြောက်ပိုင်း ရုရှားနှင့်နယ်စပ် အထိ ဆန့်တန်းတည်ရှိနေသော လူဟန့်နှင့် ဒိုးနက် ဒေသကြီးနှစ်ခုကိုအဓိကဆိုလိုခြင်းပင်ဖြစ်သည်။

ဒွန်းဘတ်စ်သည် အဓိကအားဖြင့် ရုရှားဘာသာစကားပြောသည့် ဒေသတစ်ခုဖြစ်ကာ ၂၀၁၄ တွင် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းယူပြီးနောက် ယနေ့ထက်တိုင် အတောမသတ် ဖြစ်ပွားနေသော စစ်ပွဲအတွင်း ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေး အင်အားစုများသည် ယူကရိန်းအရှေ့ခြမ်း၏ သုံးပုံတစ်ပုံကျော်ကိုထိန်းချုပ်ထားခဲ့သည်။

လူဟန့်နှင့် ဒိုးနက်တို့သည် ရုရှားဘာသာ စကားကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပုံရသည့်တိုင် ရုရှားလိုလားသူများ မဟုတ်တော့ပေ။ ၂၀၂၂ မေလထဲတွင် ပြုလုပ်ခဲ့သည့်  လူထုစစ်တမ်းကောက်ယူမှု တစ်ရပ်အရ ထိုဒေသတွင် နေထိုင်သည့် ယူကရိန်းနိုင်ငံသား ၈၂ ရာခိုင်နှုန်းသည် ဖေဖော်ဝါရီ ၂၄ ရက်၌ ရုရှားက စစ်ပွဲဆင်နွှဲပြီးနောက်တွင် ရုရှား အစိုးရအပေါ် ဆန့်ကျင်သည့် သဘောထားရှိလာခဲ့သည်ဟု သိရသည်။

စစ်ပွဲစတင်ပြီးတစ်လအကြာတွင် ရုရှားသည် မြို့တော်ကိယက်ဗ်ကိုသိမ်းယူမည့် ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များကို လျှော့ချကာ ဒွန်းဘတ်စ်ဒေသသို့ မြားဦးလှည့်လာခဲ့သည်။

ရုရှားအနေဖြင့် ဒွန်းဘတ်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ရန် အလှမ်းဝေးနေသည့်တိုင် အမြွှာမြို့ကြီး နှစ်မြို့ဖြစ်သောဆီဗယ်ရို ဒိုးနက်နှင့် လစ်ဆီချန့်ခ်ကိုသိမ်းယူနိုင်ပါက လူဟန့်ဒေသတစ်ခုလုံးကိုထိန်းချုပ်နိုင်သွား ပေလိမ့်မည်။

ဒွန်းဘတ်စ်ဒေသကိုသမ္မတပူတင် အဘယ်ကြောင့် ထိန်းချုပ်ချင်ရသနည်း

သမ္မတပူတင်သည် စစ်ပွဲကို မစတင်မီတွင် လူဟန့်နှင့် ဒိုးနက်ဒေသတို့အားမော်စကို ကျောထောက်နောက်ခံပြု ခွဲထွက်ရေး အင်အားစုများက တည်ထောင်ထားသော နိုင်ငံငယ်လေးများအနေဖြင့်သာမဟုတ်ဘဲ သီးခြား လွတ်လပ်သော သမ္မတနိုင်ငံများအဖြစ် အသိအမှတ်ပြုခဲ့သည်။

ထို့အပြင် ယူကရိန်းအရှေ့ပိုင်းတွင်လူမျိုး တုံးသတ်ဖြတ်မှု ဖြစ်ပွားနေသည်ဟုလည်း သမ္မတပူတင်က ထပ်ကာတလဲလဲစွပ်စွဲခဲ့သေးသည်။ ၂၀၁၄ တွင် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ထိုဒေသတွင် လူပေါင်း ၁၄,၀၀၀ ကျော်သေဆုံးခဲ့ရပြီး ၎င်းတို့အနက်မှ လေးပုံသုံးပုံသည် တိုက်ခိုက်ရေးသမားများဖြစ်ကာ၂၀၁၅ နောက်ပိုင်းတွင်လည်း ယူကရိန်းအစိုးရထိန်းချုပ်နယ် မြေနှင့် ခွဲထွက်ရေးသမားများထိန်းချုပ်ထားသော နယ်မြေနှစ်ခုအကြား ကီလိုမီတာ ၄၂၀ ရှိသည့် လမ်းကြောင်းသည် သိသာထင်ရှားသော ပြောင်းလဲမှု မရှိခဲ့ပေ။

သမ္မတပူတင်သည် ၂၀၁၄ တွင် လူထု ဆန္ဒခံယူပွဲ ပြုလုပ်ပြီးနောက် ခရိုင်းမီးယားဒေသတွင် လုပ်ဆောင်ခဲ့သည့်အတိုင်းပင် ဒွန်းဘတ်စ်နှင့် ယင်းနှင့်ထိစပ်နေသောဒေသများကို သိမ်းယူရေးသည် ရုရှားအစိုးရ၏ နောက်ထပ်ခြေလှမ်း ဖြစ်လာဖွယ်ရှိသည်။

အမေရိကန်အစိုးရ တာဝန်ရှိသူများကလည်း ယင်းကဲ့သို့ တိုက်ခိုက်သိမ်းယူမှု ဖြစ်လာဖွယ်ရှိကြောင်း ယူဆလျက်ရှိစဉ် ဒိုးနက်ဒေသ၏ ရုရှားရုပ်သေးရုပ်ခေါင်းဆောင် ဖြစ်သူ ဒန်းနစ် ပူရှီလင်ကလည်း ရုရှားတပ်များ လူဟန့်နှင့် ဒိုးနက်ဒေသနှစ်ခုလုံးကိုသိမ်းယူ ပြီးချိန်တွင် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခြင်းသည် ကျိုးကြောင်းဆီလျော်မှု ရှိမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

သမ္မတပူတင်၏ မဟာဗျူဟာ

ရုရှားစစ်တပ်သည် ခါဆန်ဒေသ၊ ခရိုင်းမီးယားအနောက်ပိုင်းနှင့် မြောက်ပိုင်းတို့ အပြင် ဇာပိုရေဇီးယားမြို့၏ တစ်စိတ်တစ်ဒေသကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒိုးနက်နှင့် လူဟန့် ဒေသတို့တွင် အရှိန်အဟုန်မြှင့် ချီစစ် ဆင်လျက်ရှိပြီး တောင်ပိုင်းဒေသများတွင် လည်းခြေကုပ်ယူလျက်ရှိသည်။

ရုရှားတို့အနေဖြင့် မာရီယူပိုးလ် ဆိပ်ကမ်းမြို့ကိုသိမ်းယူနိုင်ခြင်းကြောင့် ခရိုင်းမီးယားကျွန်းဆွယ်မှ ရုရှားနယ်စပ်အထိ ကုန်းတွင်းစင်္ကြံလမ်းချိတ်ဆက်နိုင်ခဲ့ပြီဖြစ်ကာ ခရိုင်းမီးယားသို့ ရေပေးဝေမှုနှင့် ဥရောပ၏ အကြီးဆုံးဖြစ်သော ဇာပိုရေဇီးယားဓာတ် အားပေးစက်ရုံတို့ကို ထိန်းချုပ်နိုင်ပြီလည်း ဖြစ်သည်။

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး နစ်ကိုလိုင်ပက်ထရူရှက်ဗ်အပါအဝင် ရုရှား ထိပ်ပိုင်းခေါင်းဆောင်များက ၎င်းတို့သည် နောက်ဆုံးအချိန် သတ်မှတ်၍ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ရေရှည်စစ်ပွဲအတွက် အ သင့်ပြင်ဆင်ထားသည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

ရုရှားအနေဖြင့် ဒွန်းဘတ်စ်တွင် အောင်ပွဲရရှိခဲ့မည်ဆိုလျှင် ယူကရိန်းတောင်ပိုင်း၌ပါ စစ်ရေးအောင်မြင်မှုများကို ချဲ့ထွင်လာမည် ဖြစ်သည်။

အိုဒက်ဆာမြို့ကို ကျော်လွန်၍ ယူကရိန်း၏ ပင်လယ်နက်ကမ်းခြေမှ အနောက်ဘက်အထိ သိမ်းပိုက်စိုးမိုးရန် ရည်မှန်းထားကြောင်း ရုရှားစစ်ဗိုလ်ချုပ်ကြီးတစ်ဦးကအရိပ်အမြွက် ပြောဆိုခဲ့သော်လည်း လက်ရှိတွင် မူလရည်မှန်းထားသည်ထက် အနည်းငယ်ကျော်လွန်လာပုံရသည်။

ရုရှားတပ်များ၏ ချီစစ်ဆင်မှု

ရုရှားစစ်တပ်သည် ဆီဗယ်ရိုဒိုးနက်နှင့် လစ်ဆီချန့်ခ်မြို့တို့ကို သီတင်းပတ်များနှင့် ချီကာ လက်နက်များကြီးဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းတပ်ဖွဲ့ဝင်များသည်  လေမန်မြို့မှ ဆုတ်ခွာခဲ့ရသည်။ ထို့အပြင် ရုရှားတပ်များသည် ပိုပက်စ်နာမြို့၌လည်း ယူကရိန်း၏ ခံစစ်စည်းကို ဖောက်ထွက်ကာ ယူကရိန်း၏ လက်နက်ကြီး ပစ်ကူ လမ်းကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများကို ခြိမ်းခြောက်လျက်ရှိသည်။

လူဟန့်တိုက်ပွဲသည် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဟု ဒေသန္တရ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဆာဟီဟိုင်ဒါအီ က ဆိုသည်။သမ္မတပူတင်အနေဖြင့် ငွေကြေး၊ စစ်သည်နှင့်  စစ်လက်နက်အင်အား မည်မျှအ ထိ ရင်းနှီးပေးဆပ်ရစေကာမူ လူဟန့်ဒေသကို သိမ်းယူရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အချက်အချာကျသော M03 လမ်းမကြီး တစ်လျှောက်ရှိ ရုရှားတို့၏အဓိကပစ်မှတ်မှာ လူဦးရေ ၁၂၅,၀၀၀ ခန့် နေထိုင်သော ဆလိုဗီယန့်ခ်မြို့ဖြစ်ပြီး တောင်ဘက်ရှိ  ကရာမတော့ခ် မြို့ကိုသိမ်းယူရန်မှာလည်း ရုရှား၏ အဓိက ကျသော နောက်ထပ်ရည်မှန်းချက်တစ်ခု ဖြစ်သည်။

သို့ရာတွင် ရုရှား၏ စစ်ရေးအောင်မြင်မှုသည် အရှိန်နှေးကွေးလာခဲ့ပြီး ၎င်းတို့တွင် ပစ်မှတ်အတိအကျကို ပစ်ခတ်ချေမှုန်းနိုင်သည့် လက်နက်အင်အားနည်းပါးလာသည်ဟု ယူကရိန်းကာကွယ်ရေးအရာရှိများက ယူ ဆလျက် ရှိသည်။

သို့တိုင်အောင် ရုရှားတို့သည် ယူကရိန်းအရှေ့ပိုင်းနှင့် ချိတ်ဆက်ထားသည့် ရထားလမ်းအများစုကို ပိတ်ဆို့ ဖြတ်တောက် ထားနိုင်ခဲ့သည်။ ထိုလမ်းကြောင်းသည် စစ်ရှောင်အရပ်သားများ ထွက်ပြေးတိမ်းရှောင်ရာတွင် အမြန်ဆုံးလမ်းကြောင်း ဖြစ်ရုံသာမက ယူကရိန်း တပ်ဖွဲ့ဝင်များနှင့်အကြီးစားစစ် လက်နက်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် အရေးအပါဆုံး လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

ယူကရိန်းတပ်များဆက်၍ တောင့်ခံထားနိုင်မည်လား

စစ်ပွဲစတင် ဖြစ်ပွားချိန်က နိုင်ငံအရှေ့ ပိုင်း၌ တပ်ပေါင်းစုစစ်ဆင်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းထားသော ယူကရိန်း၏တပ်မဟာ ဆယ်ခုသည် လေ့ကျင့်ရည် အပြည့်ဝဆုံးနှင့် စစ်လက်နက်အင်အား အတောင့်တင်းဆုံးဟု ယူဆခဲ့ကြသည်။

သို့ရာတွင် ယူကရိန်းအရှေ့ပိုင်းကို ခုခံကာကွယ်ရန် နေ့စဉ် စစ်သည် ၅၀ မှ ၁၀၀ ကြား အသက်စတေးနေရဖွယ်ရှိကြောင်း သမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက မေ ၂၂ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ သို့ဖြစ်ရာ ထိခိုက်ဒဏ်ရာရစစ်သည်အရေအတွက်မှာ ပို၍ပင် များပြားနိုင်ပြီး တပ်မဟာအချို့သည် တိုက်ပွဲဝင်နိုင်စွမ်းရှိပုံမရတော့ဟု စစ်ရေးအကဲခတ် တစ်ဦးဖြစ်သူ ဆမ်ခရန်နီ-အီဗန်က သုံးသပ်ထားသည်။

တစ်ဖက်တွင်လည်း ယူကရိန်းအရှေ့ပိုင်း စစ်မြေပြင်၌ တစ်ဖွဲ့လျှင် အင်အား ၇၀၀ မှ ၉၀၀ အထိရှိသောရုရှားတို့၏ တပ်ရင်းအဆင့် နည်းဗျူဟာအဖွဲ့ ၉၃ ဖွဲ့ခန့်က စစ်ဆင်လျက်ရှိသည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများ က ခန့်မှန်းထားသည့်တိုင် တပ်ဖွဲ့ဝင်များထိခိုက် ကျဆုံးမှု များပြားခြင်းနှင့် စိတ်ဓာတ်ကျဆင်း မှုတို့ ဖြစ်ပေါ်နေသည်ဟု သိရသည်။ ထိုအဖွဲ့ များတွင် ရုရှားတပ်ဖွဲ့ဝင်များသာမက ခွဲထွက် ရေးသမားများ ထိန်းချုပ်ထားသောဒေသများမှ တပ်သားစုဆောင်ထားသူများလည်း ပါဝင်နေပြီး ၎င်းင်းတို့အနက်မှ တပ်သားအများအပြားသည် အတင်းအကျပ် စုဆောင်းခံရသူများ ဖြစ်ကြသည်။

 

Most Read

Most Recent