မန္တလေး မေ ၂၉
မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် မြေထောက်ပဲစျေးသည် ယခင်နှစ်များထက် အဖွင့်စျေးကောင်းရနေပြီး လက်ရှိရာသီအဖွင့်စျေး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နှစ်က ပဲရာသီ၌ အမြင့်ဆုံးစျေး ကျပ် ၁၆၀၀၀၀ အထိသာ ရှိခဲ့ရာ လက်ရှိအချိန်တွင် ကျပ် ၁၈၇၀၀၀ အထိ စျေးကောင်းရနေကြောင်း၊ မြေထောက်ပဲသည် ပဲစျေးကွက်တွင် လက်ကျန်ပဲနည်းပါးမှု တရုတ်နှင့် အိန္ဒိယသို့ တင်ပို့မှုကြောင့် သုံးရက်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၅၀၀၀ ခန့်စျေးတက်နေကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံက သိရသည်။
“မြေထောက်ပဲက အခုရက်ပိုင်းစျေးကောင်းတယ်။ တစ်ရက်ကို ၅၀၀၀ လောက်စျေးတက်နေတာ သုံးရက်လောက်ရှိပြီး ဒီနေ့ (မေ ၂၈)အမြင့်ဆုံးစျေး ၁၈၇၀၀၀ အထိ စျေးရှိတယ်ကြားတယ်။ အရင်က မြေထောက်ပဲ စျေးငြိမ်နေတာက ၁၆၀၀၀၀ ကနေ ၁၇၀၀၀၀ ကြားပေါ့။ ပဲစျေးကွက်မှာ မြေထောက်ပဲ အဝင်လည် နည်းပါးတာလည်း ပါပါတယ်။ ပစ္စည်းလက်ကျန်နည်းလို့ စျေးတက်တာပါ။ တရုတ်နဲ့ အိန္ဒိယက မြေထာက်ပဲ ဝယ်ယူနေတာပါ။ မြေပဲဆန်စျေး စျေးတက်တယ်။ မြေပဲဆန်အနီလုံးစျေး တစ်ပိဿာ ကျပ် ၄၀၀၀ ဖြစ်သွားတယ်။ အဖြူလုံးဆန်စျေး ၄၃၅၀ စျေးဖြစ်သွားတယ်။ စျေးတက်ရတဲ့ အကြောင်းအရင်းက စားအုန်းဆီ စျေးတက်လို့ စျေးတက်တာပါ။ ကုလားပဲအုပ်စုဝင် ပဲစျေးအပြောင်းအလဲသိတ်မရှိဘူး။ မတ်ပဲနဲ့ပဲစင်းငုံစျေးနည်း နည်းတက်တယ်။ မတ်ပဲစျေး ၁၄၂ဝဝဝစျေး၊ ပဲစင်းငုံစျေး ၁၂၈၀၀၀ စျေး၊ သူတို့က ကျပ် ၁၀၀၀ နဲ့ ကျပ်၂၀၀၀ လောက်စျေးတက်ကြတာပါ။ ပြည်တွင်းပဲစျေးက အပြောင်းအလဲမရှိပါဘူး။ ပဲတီစိမ်းအညာစပစ္စည်း လိုအပ်ရင် ၁၄၀၀၀၀ ကနေ ၁၄၅၀၀၀ ကြားစျေးရှိပါတယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
မြေထောက်ပဲသည် မိုးများသည့် ဒေသများနှင့် အပူပိုင်းဒေသများတွင် စိုက်ပျိုးမရဘဲ ရာသီဥတု သင့်တင်မျှတသည့် ဧရာဝတီမြစ်ရိုးအထက်ပိုင်း မတ္တရာ၊ စဉ့်ကူးအထက်ပိုင်းမှစပြီး ကသာ ဗန်းမော် ဒေသအထိ စိုက်ပျိုးကြသည်။ ချင်းတွင်းမြစ်ရိုးအထက်ပိုင်း ကလေး ကလေးဝတို့တွင် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင် ကသာ၊ ဗန်းမော်ဒေသမှထွက်သည့် မြေထောက်ပဲသည် အရောင်ညို့ အလုံးကြီးပြီး စျေးကွက်ဝင် အကောင်းဆုံးမြေထောက်ပဲဖြစ်ကြောင်း သိရသည်။















