မျိုးချစ်အမှတ်အသားကို မပျောက်မပျက် ထိန်းသိမ်းသွားကြတော့မည့်သူများ

မျိုးချစ်အမှတ်အသားကို မပျောက်မပျက် ထိန်းသိမ်းသွားကြတော့မည့်သူများ
Photo : iNews
Photo : iNews
Published 28 May 2022
ခက်ဝေ

စစ်ကို မျက်ဝါးထင်ထင်ရင်ဆိုင်နေရသည့် ယူကရိန်းပြည်သူများက အမိမြေအပေါ် ချစ်သည့်စိတ်ကို သူတို့၏အသွေးအသားပေါ်တွင် ထာဝရ ထင်ရှားစေလိုကြသည်။ မျိုးချစ်စိတ်ကို ဖော်ကျူးကြသည့် နည်းလမ်းများစွာထဲကမှ ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားလာပြီးနောက်တွင် ယူကရိန်းပြည်သူများသည် ထိုးကွင်းမင်ကြောင် (ခေါ်) တက်တူးများဖြင့် ရန်သူအပေါ်သူတို့၏ဖီဆန်မှုကို ပြသလာကြသည်။

မေလလယ်ကပြုလုပ်သည့်  ‘အနုပညာ လက်နက်’ ပွဲတော်တစ်ခုတွင် ဒါဇင်နှင့် ချီ သောပြည်သူများသည် တက်တူးထိုးကာ တိုင်းပြည်ချစ်စိတ်ကို ဖော်ထုတ်ခဲ့ကြပြီး အခ ကြေးငွေများကလည်း ယူကရိန်းစစ်တပ်အတွက် အလှူငွေများဖြစ်ခဲ့သည်။

ထိုနေ့က အသက် ၂၀ အရွယ်ယူကရိန်း စစ်သားတစ်ဦး သူ့ဘဝ၏ပထမဆုံး တက်တူးကို ထိုးလိုက်သည်။ အဇော့ဗ်တပ်ရင်းနှင့် စစ်သည်များအတွက် ရည်ရွယ်ထိုးခြင်းဖြစ်ပြီး ထိုတပ်ရင်းမှ စစ်သည်အများစုသည် မာရီယူပို  (ယခုရုရှားတို့သိမ်းပိုက်ထားသည့်ဆိပ်ကမ်းမြို့) ရှိ သံမဏိစက်ရုံကို ခုခံကာကွယ်ခဲ့ကြသူ များဖြစ်သည်။  “သေတဲ့အထိ နိုင်ငံအတွက် ရပ်တည်သွားမယ်လို့ သူတို့ ငါ့ကို ပြောတယ်”ဟု တက်တူးမထိုးမီ ထိုစစ်သားက AFP သတင်းဌာနကို ပြောသည်။

စစ်ကြီးစတင်ချိန် အိုးအိမ်ပစ်ပြေးခဲ့ရသည့် အသက် ၂၇ နှစ်အရွယ် သရုပ်ဆောင်၊ ဂီတသမား မရူစီယာ ယိုနဗာက ‘ကိဗ်’ဟု ရိုး ရိုးရှင်းရှင်းထိုးခဲ့ပြီး ကမ္ဘာပေါ်တွင် သူအကြိုက်ဆုံးမြို့နာမည်ကို ထိုးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

တက်တူးဆရာအဆိုအရ တက်တူးလာ ထိုးသူများထဲ ပထမဆုံးထိုးသူများလည်း ပါပြီး  မျိုးချစ်စိတ်ကိုပြသသည့်တက်တူးရုပ်များက  ပို၍ အထိုးများသည်။ “စစ်ပွဲက သူတို့ကို ပြောင်းလဲပေးလိုက်တယ်။ တက်တူးတွေ လာထိုးကြတယ်။ ပြီးတော့ သူတို့ ပထမဆုံးထိုး တဲ့ဟာကလည်း မျိုးချစ်စိတ်ပါတဲ့ တက်တူးတွေ“ ဟု တက်တူးဆရာက ပြောသည်။ 

ထိုးကြသည့်အထဲ ယူကရိန်းမျိုးချစ်အမှတ်အသားဖြစ်သည့် အသွားသုံးချောင်းပါခက်ရင်းပုံများနှင့် ‘ရန်သူများ ကျရှုံးပါစေ’ ကဲ့ သို့ ကြွေးကြော်စာများလည်း ပါသည်။ 

ဖေဖော်ဝါရီနှောင်းပိုင်းတွင် ယူကရိန်း-ရုရှားစစ်ပွဲ စတင်လိုက်ပြီးကတည်းက ယူက ရိန်းပြည်သူများစွာသည်  ရရာနည်းဖြင့် နိုင်ငံကို ကာကွယ်ရန် ပါဝင်လာကြသည်။ ဓာတ်ဆီ ပုလင်းဗုံးများ ပြုလုပ်ခြင်း၊ စစ်သည်များအယောင်ဖျောက်နိုင်အောင် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ထင်ရစေသည့် ပိုက်ကွန်များ ရက်လုပ်ပေးခြင်း၊ ယူကရိန်းစစ်တပ်အတွက် အလှူငွေများ ပေးခြင်း စသဖြင့်ပင်။

စစ်ကြောင့် မြို့တော်ကိဗ်အပါအဝင် ယူကရိန်းနိုင်ငံတစ်လွှားတွင် တက်တူးလုပ်ငန်းများ အရှိန်ရလာပြီး မျိုးချစ်ပြည်သူများက စစ်ရေးဆိုင်ရာပုံစံဒီဇိုင်းများ၊ ရုရှားဆန့်ကျင်ရေး ပြက်လုံးများ၊ ကြွေးကြော်စာများ၊ သင်္ကေတများကို သူတို့၏ခန္ဓာကိုယ်တွင် ရေးထိုးလာကြသည်။ ရက်စက်ကြမ်းတမ်းသည့် စစ်ကြီး ပြီးဆုံးသွားလျှင်တောင်မှ တက်တူးထိုး ကွင်းများက ပျောက်ပျက်သွားလိမ့်မည်မဟုတ်။

ဟိုးယခင်ကတည်းက စစ်သည်များနှင့် လူ့ဘောင်အဖွဲ့အစည်းအတွင်း တက်တူးထိုးခြင်းကို လူစိတ်ဝင်စားအောင် စစ်ပွဲများက တွန်းအားဖြစ်စေခဲ့သည်။ ကမ္ဘာစစ်နှစ်ခုအတွင်း ဗြိတိန်သည် တက်တူးလုပ်ငန်း၌ စီးပွားရေးကောင်းခဲ့ပြီး ဥရောပသို့ စစ်တိုက်ထွက်သည့် အမျိုးသား၊ အမျိုးသမီးများရော အိမ်တွင်ကျန်ခဲ့သည့် မိသားစုဝင်များ၌ပါ တက်တူး ရှိတတ်ကြသည်။

ဗြိတိန်စစ်သမိုင်းပြတိုက်မှာပင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရာနေရာများတွင် အ လုပ်လုပ်ရသူအမျိုးသမီးများ၏ ပုံရိပ်များ၊ ၎င်းအမျိုးသမီးများ၏လက်တွင် တိုင်းတစ်ပါးသို့ စစ်တိုက်ထွက်သွားသည့် ခင်ပွန်းနှင့် သားများ၏ နာမည်တက်တူးပုံများ စသဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြထားသည်။  

မျက်မှောက်ယူကရိန်းပြည်သူအချို့က ယူကရိန်းသမ္မတ ဇယ်လန်းစကီးပုံကို တက် တူးထိုးကြသလိုပင်၊ ပထမကမ္ဘာစစ်ကာလက ဗြိတိန်စစ်သည်အချို့သည်လည်း ပဥ္စမမြောက် ဂျော့ဂျ်ဘုရင်ပုံကို တက်တူးထိုးခဲ့ကြကာ  ဒုတိယကမ္ဘာစစ်ကာလတွင် ဝန်ကြီးချုပ် ဝင်စတန်ချာချီ၏ ပုံကို တက်တူးထိုးခဲ့သည့် စစ်သည်များ ရှိခဲ့သည်။

ကိဗ်မြို့ရှိတက်တူးဆရာများက ယူကရိန်းစစ်တပ်အတွက် ရန်ပုံငွေများ ရှာပေးနေပြီး ဓာတ်ဆီပုလင်းဗုံးပုံ၊ တင့်ကားခွင်း ဒုံးကျည်ပုံများလည်း ထိုးခိုင်းလာကြသည်ဟု ဆိုသည်။ မည်သူမဆို မိမိတတ်နိုင်သလောက် အခကြေးငွေဖြင့် ထိုးယူနိုင်သည်။

စစ်ကြောင့်  မဖွင့်ဖြစ်တော့သည့် နိုက်ကလပ်တစ်ခုတွင် တက်တူးပညာရှင်များ စုဖွဲ့တတ်ပြီး ထိုသူများထဲမှတစ်ဦးဖြစ်သည့် အတွေ့အကြုံ ၁၁ နှစ်ရှိ အသက် ၃၄ နှစ်အရွယ် တက်တူးပညာရှင် အလက်ဇန်းဒါးက  “စစ်စ ဖြစ်တုန်းက အလုပ်မရှိဘူးပေါ့။ ဘယ်သူမှ လည်း မလာကြဘူး။ ဒါပေမဲ့ နောက်တော့ လူတွေက တက်တူးထိုးဖို့တွေ ပြောလာကြတယ်။ ဒီလိုနဲ့ ဒီပွဲကို စီစဉ်ဖြစ်ခဲ့တယ်။ သူငယ် ချင်းတွေကို စုတယ်။ စနေ၊ တနင်္ဂနွေတိုင်း တက်တူးပညာရှင်တွေ တိုးလာတယ်”ဟု ပြောသည်။ ထိုအလုပ်ကို သူတို့က တက်တူးလာထိုးသူရှိသရွေ့၊ အပ်နှင့်မင် ရှိသရွေ့ ဆက်လက်လုပ်ကိုင်သွားရန် ဆုံးဖြတ်ထားသည်။

ဒီဇိုင်းပုံအားလုံးက စစ်ပွဲနှင့်ဆိုင်သည့် ပုံချည်းတော့မဟုတ်ပေ။ အချို့က စစ်ပွဲကို မေ့ချင်သည့်အတွက် ကြောင်ပုံလေးများ ထိုးကြပြီး  အချို့က တိုက်ရိုက်လည်း မဖော်ပြလိုဘဲ စစ်ပွဲကာလကို အမှတ်ရနေချင်သူများရှိသည်။

“မျိုးချစ်မှုကိုပြတဲ့တက်တူးထိုးချင်တာ။ ဒီကာလရယ် ဒီကာလနဲ့ဆိုင်တဲ့ ခံစားချက်တွေကို မမေ့ချင်တာ။ ဒါပေမဲ့ မာန်ပါတဲ့ ပုံမျိုးလည်း မလိုချင်ဘူး”ဟု ဆိုသူ အသက် ၂၃  နှစ်အရွယ် မန်နေဂျာတစ်ဦးက Palyanytsia ဆိုသည့်စာလုံးကို လက်တွင် ထိုးထားသည်။ Palyanytsia ဆိုသည်မှာ ယူကရိန်းပေါင်မုန့် တစ်မျိုးကို ခေါ်သည့်အမည်ဖြစ်ပြီး ရုရှားနိုင်ငံသားများ ကြိုးစားအသံထွက်ရသည့် စာလုံးဖြစ်သည့်အတွက် ရုရှားစပိုင်များအား ဖော်ထုတ်နိုင်မည့် နိုင်ငံ၏တရားဝင် မဟုတ်သည့် Password တစ်ခုအဖြစ် ယူကရိန်းနိုင်ငံသားများက ဟာသလုပ်လာကြသည်။

အချို့သူများက သူတို့ နေထိုင်ရာ မြို့ကြီးများကို ကိုယ်စားပြုသည့် အမှတ်အသားများကို တက်တူးထိုးကြသည်။ ဖရဲသီးဖြင့် နာမည်ကျော်သည့် ခါဆန်မြို့မှ ထွက်ပြေးလွတ် မြောက်လာသည့် မိန်းကလေးတစ်ဦးက ဖရဲသီးစိတ်ပုံကို တက်တူးထိုးပြီး ကိဗ်မြို့နေသူများက မြို့၏သင်္ကေတအဖြစ် သစ်အယ်ရွက် ပုံကို ထိုးကြသည်။

စစ်ပွဲ၏ကြမ်းကြုတ်မှုကို ဘွင်းဘွင်း ဖော်ပြလိုသူများကမူ တင့်ကားဖျက် လက်နက်ပုံများကို ရေးထိုးကြသည်။ မက်ဒေါ်နယ် ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၂၃ နှစ် အရွယ်မိန်းကလေး နတ်စ်ယာဆိုလျှင် အမျိုးသားတစ်ဦး ဓာတ်ဆီပုလင်းဗုံးပစ်ပေါက်နေဟန်ကို ခြေကျင်းဝတ်အနီးတွင် ထိုးထားသည်။ ထိုပုံက ယူကရိန်းနိုင်ငံ၏ကြံ့ကြံ့ခံ တော်လှန်နေမှုကို ဖော်ပြနေသည်ဟုလည်း သူက ပြောသည်။

AK47 သေနတ်ထိပ်တွင် နေကြာပန်းပွင့်လျက်ပုံကို တက်တူးထိုးသူလည်းရှိသည်။နေကြာပန်းက  ယူကရိန်းနိုင်ငံကို ကိုယ်စားပြုသည့်ပန်း ဖြစ်သည်။

ဆန်းပြားသည့်တက်တူးပုံအချို့ ထိုးကြသူများလည်းရှိသည်။ ဥပမာ- Russian Warship, go fuck yourself ဆိုသည့် ရုရှား စစ်သင်္ဘောကို မောင်းထုတ်သည့်စကားမျိုးကို ယူကရိန်းဘာသာဖြင့် ထိုးကြသည်။ ယူကရိန်းအရေးတွင် မပြောမဖြစ် ချန်ခဲ့၍မရသည့် ပုဂ္ဂိုလ်  သမ္မတဗိုလိုဒီမာ ဇယ်လန်းစကီးက သေနတ်နှစ်လက်ကို ကိုင်ရမ်းနေသည့် ပုံကလည်း တက်တူးလာထိုးကြသည့်အထဲ ပါလေသည်။

 

Most Read

Most Recent