Photo - CJ
ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ Hpa-an Boutique Inn ၌ မေလ (၂၆) ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး Inn ပိုင်ရှင်ဖြစ်သူ အပါအဝင် လူ (၄) ဦးသေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
“မနေ့(မေလ (၂၆) ရက်) ညပိုင်းက အမှတ် (၉) ရပ်ကွက်မှာရှိတဲ့ Hpa-an Boutique Inn မှာ သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ကြားသိရပါတယ်။ ပိုင်ရှင်ဖြစ်တဲ့ ကိုတင်အောင်မိုး အပါအဝင် လူ (၄) ဦးသေဆုံးသွားတယ်လို့ ကြားပါတယ်။ ဘယ်လိုအကြောင်းကြောင့်ဖြစ်တယ်ဆိုတာကိုတော့ မသိဘူး။ လူမှုရေးကိစ္စလား။ စီးပွားရေးကိစ္စလား။ တခြားကိစ္စတွေကြောင့်လားတော့ မပြောတတ်ဘူး” ဟု ဘားအံမြိုခံတစ်ဦးက ပြောကြားသည်။
အဆိုပါ Hpa-an Boutique Inn ၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
အလားတူ မေလ (၂၅) ရက်က နံနက်ပိုင်းကလည်း ဘားအံ - သထုံကားလမ်း တန် (၉၀၀) မြိုင်ကလေးဘိလပ်မြေစက်ရုံအနီးတွင် ပစ်ခတ်မှုတချို့ဖြစ်ပွားခဲ့ပြီး Super Custom ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးကာ၊ ယာဉ်ပေါ်ပါလာသူနှစ်ဦး ထိခိုက်ဒဏ်ရများရရှိခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက ်များအရ သိရသည်။















