လက်ရှိတွင် မည်သည့် အခြေအနေ ကြုံတွေ့နေသည်ဖြစ်စေ ယဉ်ကျေးသည့် လူ့အသိုင်းဝိုင်း၏ ထုံးစံဖြစ်သည့် နိုင်ငံရေးကိစ္စများကို စားပွဲဝိုင်းတွင် ဖြေရှင်းနိုင်သည့် အခြေအနေမျိုး ရောက်ရှိအောင် ဝိုင်းဝန်း ကြိုးပမ်း ရမည်ဖြစ်ကြောင်း SNLD ပါတီဥက္ကဋ္ဌ ပြောကြား

လက်ရှိတွင် မည်သည့် အခြေအနေ ကြုံတွေ့နေသည်ဖြစ်စေ ယဉ်ကျေးသည့် လူ့အသိုင်းဝိုင်း၏ ထုံးစံဖြစ်သည့် နိုင်ငံရေးကိစ္စများကို စားပွဲဝိုင်းတွင် ဖြေရှင်းနိုင်သည့် အခြေအနေမျိုး ရောက်ရှိအောင် ဝိုင်းဝန်း ကြိုးပမ်း ရမည်ဖြစ်ကြောင်း SNLD ပါတီဥက္ကဋ္ဌ ပြောကြား
■ ဓာတ်ပုံ - လျှပ်စီး
■ ဓာတ်ပုံ - လျှပ်စီး
Published 26 May 2022

လက်ရှိတွင် မည်သည့် အခြေအနေ ကြုံတွေ့နေသည်ဖြစ်စေ ယဉ်ကျေးသည့် လူ့အသိုင်းဝိုင်း၏ ထုံးစံဖြစ်သည့်  နိုင်ငံရေး ကိစ္စများကိုစားပွဲဝိုင်းတွင် ဖြေရှင်းနိုင်ကြသည့် အခြေအနေမျိုးရောက်ရှိအောင် ဝိုင်းဝန်း ကြိုးပမ်းရမည်ဖြစ်ကြောင်း SNLD ပါတီဥက္ကဋ္ဌ  စိုင်းညွန့်လွင်က ပြောကြားသည်။

SNLD ပါတီနိုင်ငံလုံးဆိုင်ရာ ညီလာခံအား ရှမ်းပြည်နယ် တောင်ကြီးမြို့ ကိုးကန့် လူမှုရေး ခန်းမတွင်  မေ ၂၆ ရက်က စတင်ပြုလုပ်ရာ ညီလာခံအဖွင့်တွင် စိုင်းညွန့်လွင်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့သည့် အခက်အခဲအကျပ်အတည်းကြား SNLD ပါတီအနေဖြင့် အစွန်းထွက်သည့် အလုပ်များ၊ အစွန်းရောက်ပြောဆိုမှု များကို ထိန်းသိမ်းခဲ့ကြောင်း၊ အာဏာထိန်းသိမ်းမှု နောက်ပိုင်းဖြစ်ပေါ်လာသည့် ပဋိပက္ခများတွင် စီးမျှောမပါသွားရန်သတိဖြင့်ထိန်း ခရီးဆက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မှန်သည့်ဓမ္မတရားဘက်တွင်သာ ရပ်တည် မည်ဖြစ်ကြောင်း၊ ဓမ္မနှင့်အဓမ္မ အားပြိုင်နေသည့် လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင်  အဖြူအမဲ ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း  မြင်အောင်ကြည့်၍ ဓမ္မဆိုသည့် တရားသောဘက်တွင် မားမားမတ်မတ်ရပ်တည်ရန်ဆုံး ဖြတ်ထားကြောင်း၊ လက်ရှိပဋိပက္ခ မိမိတို့အနေဖြင် ့လုပ်ကိုင်စွမ်းဆောင်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များရှိသည်ကိုဝန်ခံကြောင်း၊SNLD ပါတီ ရပ်တည်ချက်နှင့်ပတ်သက်၍ အချို့ ပုဂ္ဂိုလ်များက မကြိုက်နှစ်သက်ကို သိရှိရပြီး ဝေဖန်ပြောဆိုမှုများ ရှိကြောင်း၊ သို့သော် ကိုယ့်မူဝါဒ၊ ရပ်တည်ချက်နှင့်အညီ ဆုံးဖြတ် ပြီး ထိုသို့ ဆုံးဖြတ်သည့်အတိုင်း ဆက်လက် လုပ်ကိုင် ကျင့်သုံးခဲ့ခြင်းဖြစ်သည့်အတွက် ပါတီအား ဝေဖန်နေသူများအနေဖြင့် အထက်ပါ သဘောတရားများကို နားလည်လက်ခံပေး ရန် မေတ္တာရပ်ခံကြောင်း SNLD ပါတီ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောကြားသည်။

ထို့အတူ မိမိတို့နိုင်ငံသည့် ကံမကောင်းစွာဖြင့် လက်နက်ဖြင့် နိုင်ငံတော်တည်ဆောက်နေသလိုဖြစ်နေကြောင်း၊ လက်နက်မရှိပါက  မျက်နှာငယ်ပြီး လူရာမဝင် သကဲ့သို့ဖြစ်ရပြီး နေရာတိုင်းတွင် လက်နက်ကိစ္စသည်အရေး ပါသကဲ့သို့ဖြစ်နေကြောင်း၊  လက်နက်မရှိရဟု ဆိုလိုခြင်းမဟုတ်ဘဲ လက်နက်ရှိရမည်ဖြစ်သော်လည်း လက်နက်ရှိရမည့် နေရာတွင်သာ လက်နက်ရှိရမည်ဖြစ်ကြောင်း၊ လက်နက်မလိုသည့် နေရာတွင် လက်နက်မရှိစေချင်ကြောင်း၊ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတည်ဆောက်နေချိန်တွင် မိမိတို့သည် လက်နက်ကို ဦးစားပေးသည့် လူ့အဖွဲ့အစည်းဖြစ်နေသည်ကို  ဝမ်းနည်းစွာတွေ့ရပြီး ပြုပြင်ပြောင်းလဲရန် လိုကြောင်း  ၎င်းကပြောကြားသည်။

အလားတူလက်ရှိပဋိပက္ခများကို မဖြေ ရှင်းနိုင်ပါက နိုင်ငံသည် Failed State  ဟုခေါ် သည့်ကျဆုံးနိုင်ငံမျိးဖြစ်ရန် ဦးတည်နေကြောင်း၊ ထို့အတွက် SNLD အနေဖြင့် စိတ်ပူပန်မှုများဖြစ်ရကြောင်း၊ လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲများကို နိုင်ငံရေးပါတီ တစ်ရပ်အနေဖြင့် ထိထိရောက်ရောက်ကူညီ ဆောင်ရွက် ကာကွယ်မှု မပေးနိုင်ခြင်းအတွက် အလွန်ဝမ်းနည်းရသော်လည်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍကို ဖျောက်ဖျက်ပစ်၍ မရကြောင်း စိုင်းညွန့်လွင်က ပြောကြားသည်။

စားပွဲဝိုင်းတွင် တွေ့ဆုံဖြေရှင်းနိုင်သော ပတ်ဝန်းကျင်မျိုး ဖန်တီးလာနိုင်သည့် တစ်နေ့တွင် နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍသည် ရှေ့တန်းတွင် ပြန်လည်ရောက်ရှိ လာလိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။

“လက်ရှိမှာ ဘယ်လိုအခြေအနေမျိုးတွေ ကျွန်တော်တို့ကြုံတွေ့နေရပါစေ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ထုံးစံဖြစ်တဲ့ နိုင်ငံရေးကိစ္စတွေကို စားပွဲဝိုင်းမှာ ဖြေရှင်းနိုင်ကြတဲ့ အခြေအနေမျိုး ရောက်ရှိလာအောင် ကျွန်တော်တို့အနေနဲ့ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း ကြရမှာဖြစ်ပါတယ်။ စားပွဲဝိုင်းမှာ တွေ့ဆုံဖြေရှင်းနိုင်တဲ့ပတ်ဝန်းကျင်မျိုးကို ဖန်တီးလာနိုင်တဲ့ တစ်နေ့မှာတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာရှေ့တန်းကို ပြန်လည် ရောက်ရှိလာလိမ့် မယ်လို့ ကျွန်တော်တို့ လေးလေးနက်နက် ယုံကြည်ထားပါတယ်” ဟု SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောကြားသည်။

ထို့ပြင် အပြောင်းအလဲတစ်ခုကို နိုင်ငံရေးအရ တော်လှန်ရေးလုပ်သည့်နေရာတွင် မိမိကိုယ်မိမိ စတင်တော်လှန်ရ မည်ဖြစ်ကြောင်း၊ မိမိကိုယ်မိမိ အောင်မြင်အောင် မတော်လှန်နိုင်သေးပါက လူအများနှင့်ဆိုင် သည့် ရည်မှန်းချက်ကြီးကိုမည်သို့မျှ အောင်မြင်အောင် မဆောင်ရွက်နိုင်ကြောင်း SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောကြားသည်။

“ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုမှ မအောင်မြင်သေးဘူဆိုရင် ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးဘူးဆိုရင် ကိုယ့်ရည်မှန်းချက်ဖြစ်တဲ့ အများကပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ပြောရမယ်ဆိုရင် အာဏာရှင် တိုက်ဖျက်ဖို့လုပ်ရင်းနဲ့ အောင်မြင်လာတဲ့တစ်နေ့မှာ ကိုယ်ကိုယ်တိုင်က အာဏာရှင်ကြီးဖြစ်သွား တဲ့အဖြစ်မျိုး မဖြစ်စေလိုပါဘူး။ အဲဒီလိုဖြစ်ခဲ့တဲ့ သက်သေသာဓကတွေ အထင်အရှား ရှိနေတာ မိတ်ဆွေတို့သိကြမှာပါ။ နိုင်ငံရေး အပြောင်းအလဲတစ်ခု ဒါမှမဟုတ် တော်လှန်ရေး တစ်ခုကို ဆင်နွှဲတဲ့နေရာမှာ ရုပ်ပိုင်းဆိုင် ရာအပြောင်းအလဲ တစ်မျိုးထဲကို ပြောင်းလဲ လိုက်ရုံနဲ့ အောင်မြင်တယ်လို့မဆိုသာပါဘူး။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကိုတစ်ပြိုင် နက်ထဲ ပြောင်းလဲနိုင်မှ အောင်မြင်မှုရတယ်လို့ ဆိုနိုင်မှာပါ။ အာဏာရှင်ကို တိုက်ဖျက်နေတဲ့ လူကိုယ်တိုင်ကိုက အာဏာရှင်စိတ်ဓာတ်တွေ သူ့ရင်ထဲမှာ ကိန်းအောင်နေခဲ့တယ်ဆိုရင် ကိုယ်ကိုယ်တိုင် အာဏာရှင်ဖြစ်ဖို့အတွက် အာဏာရှိသည့် အာဏာရှင်ရဲ့နေရာကို လုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ လူထုအတွက် ဘာမှ အကျိုး မရှိနိုင်ပါဘူး” ဟု ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောကြားသည်။

 SNLD ပါတီနိုင်ငံလုံးဆိုင်ရာညီလာခံကို မေ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်ရွေးချယ်ခြင်းကို ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent