မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်၏ အနာဂတ်ကို မကြာမီဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
MFF သည် ပိုပေါ့ဗ်ကို ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးထိ သက်တမ်းတိုးမြှင့်ထားခြင်းဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် သက်တမ်းတိုးခြင်းရှိမရှိ နည်းစနစ်ကော်မတီက ပြန်လည်ဆုံးဖြတ်မည်ဖြစ်သည်။
ပိုပေါ့ဗ်သည် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် စတင်ခန့်အပ်ခံရပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသဖြင့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအထိ တာဝန်ပေးရန် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ပထမအကြိမ် သက်တမ်းတိုးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် မကျင်းပနိုင်သဖြင့် ဒုတိယအကြိမ် စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ရသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပိုပေါ့ဗ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူသည့် သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတကာပြိုင်ပွဲ ငါးခုသာ တာဝန်ယူခဲ့ရပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲတွင်သာ ကြေးတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ကျန်ပြိုင်ပွဲများတွင် ရလဒ်ကောင်းရယူနိုင်ခြင်းမရှိခဲ့ပေ။
ပိုပေါ့ဗ်သည် ၂၀၂၀ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ၊ ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတို့တွင် ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်းမရှိသလို ၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတို့တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
မြန်မာ ယူ-၂၃ အသင်းသည် လာမည့်နှစ် မေလတွင်ကျင်းပမည့် ၂၀၂၃ ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် ယခုနှစ်ကုန်ပိုင်းတွင် စတင်ပြင်ဆင်ဖွယ်ရှိနေပြီး ပိုပေါ့ဗ်၏အနာဂတ်ကိုလည်း မကြာမီဆုံးဖြတ်ရမည်ဖြစ်သည်။















