ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့သည့် အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ် (၈)လခန့် အနားယူရမည်

ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့သည့် အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ် (၈)လခန့် အနားယူရမည်
Photo: Getty Images
Photo: Getty Images
Published 26 May 2022

အေစီမီလန်အသင်းမှ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ဒူးဒဏ်ရာခွဲစိတ်ကုုသမှု ခံယူခဲ့ပြီးနောက် ဘောလုံးကစားခြင်းမှ (၈)လခန့် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

သူ၏ခွဲစိတ်ကုသမှုကို အေစီမီလန်အသင်းက မေလ ၂၅ ရက်တွင် အတည်ပြုကြေညာခဲ့ပြီး (၇)လ သို့မဟုတ် (၈)လအကြာ အနားယူရဖွယ်ရှိသည်ဟုလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

အသက်(၄၀)နှစ်အရွယ်ရှိပြီဖြစ်သူ အီဘရာဟီမိုဗစ်သည် ယခုရာသီတွင် အေစီမီလန်အသင်းကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာနေသည့် စီးရီးအေချန်ပီယံဆုဖလား ပြန်လည်ရရှိစေရာတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သော်လည်း ဒဏ်ရာပြဿနာများကြောင့် အသင်း၏ပွဲစဉ်အချို့နှင့် လွဲချော်ခဲ့ရသည်။

၎င်းအနေဖြင့် ယခုရာသီအတွင်း ပြိုင်ပွဲစုံ (၂၇)ပွဲသာကစားရကာ (၈)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒဏ်ရာမှပြန်ကောင်းလာသည့် ရာသီအဆုံးသတ်ပိုင်းတွင် အရန်ခုံတွင် ထိုင်နေရသည်ကသာ ပိုများခဲ့သည်။

အီဘရာဟီမိုဗစ်၏ အေစီမီလန်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ လာမည့် ဇွန်လ(၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အစောပိုင်းကမူ အေစီမီလန်အသင်းတွင် အနည်းဆုံးတစ်ရာသီနှင့် ဆက်လက်ကစားသွားလိုသည်ဟု ၎င်းက သူ၏ ဆန္ဒကို ထုတ်ပြောထားကြောင်း သိရသည်။

သို့သော် ယခုအခါ ဒဏ်ရာခွဲစိတ်မှုကြောင့် ကာလရှည်ကြာ အနားယူရဖွယ်ရှိနေမှုကလည်း သူ၏အနာဂတ်အတွက် ပိုပြီးမတည်မငြိမ်ဖြစ်လာစေခဲ့သည်။

မန်ယူနှင့် PSG အသင်းတိုက်စစ်မှူးဟောင်းလည်းဖြစ်သူ အီဘရာဟီမိုဗစ်သည် ၂၀၂၀ ပြည့်နှစ်တွင် အေစီမီလန်အသင်းသို့ ပြန်လည်ရောက်ရှိလာပြီး အသင်းတွင် ပထမဆုံးအကြိမ် ကစားခဲ့စဉ်အတောအတွင်းတွင်လည်း စကူဒက်တိုအောင်မြင်မှုကို ရယူပေးနိုင်ခဲ့ကြောင်း သိရသည်။

အီဘရာဟီမိုဗစ်သည် ယခုလအစောပိုင်းက ESPN သတင်းဌာနနှင့် တွေ့ဆုံမှုတွင် သူ၏ကစားသမားဘဝ အဆုံးသတ်ချိန်သို့ ရောက်ရှိလာရန် နီးကပ်လာပြီဖြစ်သောကြောင့် စိုးရိမ်ပူပန်မိကြောင်းလည်း ဝန်ခံထားခဲ့သည်။

Most Read

Most Recent