စက်သုံးဆီများကို SME စက်သုံးဆီ ဆိုင်ငယ်များအတွက် ရောင်းချပေးနေပြီး ဝယ်ယူခွင့်ရရှိသူများအနေဖြင့် ခွဲတမ်းရရှိသည့် စက်သုံးဆီများကို တစ်လအတွင်း ထုတ်ယူခြင်းမရှိပါက ခွဲတမ်းတောင်းခံခွင့် တစ်လပိတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်သည်။
ခွဲတမ်းဖြင့် ဝယ်ယူခွင့်ရရှိသည့် စက်သုံးဆီဆိုင်ပေါင်းမှာ ၃၂၄ ဆိုင်ဖြစ်ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ဒေသကြီးများရှိ ဆီဆိုင်များကို ဦးစားပေးအဆင့်အဖြစ် ၉၂ လီတာ ခြောက်ထောင်အားလည်းကောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆီဆိုင်များကို ဒုတိယဦးစားပေးအဆင့်အဖြစ် ၉၂ လီတာ လေးထောင်အား အချိုးကျစနစ်ဖြင့် ခွဲဝေပေးရန် အသေးစားနှင့်အလတ်စား စက်သုံးဆီဆိုင်လုပ်ငန်းများကော်မတီ၏ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု အဆိုပါအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝယ်ယူခွင့်ရရှိသည့် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စက်သုံးဆီများကို ထုတ်ယူခြင်းမရှိပါက ခွဲတမ်းတောင်းခံခွင့် တစ်လပိတ်မည်ဖြစ်ကြောင်း၊ ဆီခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဆီထုတ်ယူရန်အတွက် စက်သုံးဆီရောင်းချပေးသည့်ကုမ္ပဏီများအား ဆိုင်အမည်ဖြင့် စက်သုံးဆီအသင်းက ထုတ်ပေးထားသည့် လိုင်စင်မိတ္တူကို တင်ပြရမည်ဖြစ်ကြောင်း အဆိုပါအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်သုံးဆီတန်ချိန် သုံးသောင်းကျော်တင်ဆောင်လာသည့် သင်္ဘောနှစ်စင်းဆိပ်ကမ်းတွင် ဆီချလျက်ရှိသည်ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်ခဲ့သည်။
မေ ၂၀ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများတွင် ဆီတင်သင်္ဘော MT YU HAI မှာ ဆိပ်ကမ်းတွင် ကုန်ပိုင်ရှင်က သွင်းကုန်လိုင်စင်မရသေးသဖြင့် သင်္ဘောဝင်ရောက်ခြင်းကို ပယ်ဖျက်ပေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အကြောင်းကြားစာတစ်စောင် ပျံ့နှံ့ခဲ့ပြီးနောက်တွင် အဆိုပါအသင်းက ဗီဒီယိုဖိုင်များဖြင့် ထုတ်ပြန်ခဲ့သည်။
မေ ၁၉ ရက်တွင် တန်ချိန် ၁၆၄၀၀ သယ်ဆောင်လာသော MT Beluga Pacific သင်္ဘော၊ တန်ချိန် ၁၇၂၀၀ သယ်ဆောင်လာသော MT Yu Hai သင်္ဘော၊ တန်ချိန်ပေါင်း ၁၈၂၀၀ သယ်ဆောင်လာသော MT Yu Dong သင်္ဘော၊ တန်ချိန်ပေါင်း ၂၀၀၀ သယ်ဆောင်လာသော Aberlour သင်္ဘောများသည် ဆိပ်ကမ်းများတွင် ဆီချလျက်ရှိကြောင်း၊ နောက်ထပ်လည်း ပင်လယ်ဝတွင် သင်္ဘောလေးစင်း ထပ်မံဆိုက်ရောက်လာပြီဖြစ်ကြောင်း အဆိုပါအသင်းက ထုတ်ပြန်ထားသည်။
စက်သုံးဆီစျေးနှုန်းများမှာမူ ဆက်လက်မြင့်တက်လျက်ရှိပြီး မေ ၂၃ ရက်စျေးနှုန်းများအရ ၉၂ တစ်လီတာကျပ် ၂၂၁၀၊ ၉၅ တစ်လီတာလျှင် ၂၃၂၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၁၈၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၁၅၀ သို့ ရောက်ရှိနေသည်ကို တွေ့ရသည်။ ယင်းစျေးနှုန်းများမှာ မေ ၂၁ ရက်က စတင်ဖြစ်ပေါ်ခဲ့သည့် စျေးနှုန်းများဖြစ်ပြီး လက်ရှိအချိန်အထိ ကျဆင်းခဲ့ခြင်းမရှိသေးပေ။
မေလအစပိုင်းတွင် စက်သုံးဆီစျေးနှုန်းမှာ တရိပ်ရိပ်မြင့်တက်ခဲ့ရာ မေ ၁၈ ရက်တွင် ၉၂ တစ်လီတာလျှင် ကျပ် ၂၁၈၀ သို့ ရောက်ရှိလာခဲ့သည်။ ယခင်ရက်များက ကျပ် ၂၀၉၀ သာရှိရာမှ တစ်လီတာလျှင် ကျပ် ၉၀ သို့ ရုတ်ခြည်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
သင်္ကြန်အပြီးနောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးတွင် စက်သုံးဆီများကို ဆီဆိုင်များက အကန့်အသတ်ဖြင့် ရောင်းချမှုဖြစ်ပွားခဲ့ပြီး ဆီထည့်သည့်မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းရမှုများ ဖြစ်ပွားခဲ့သည်။















