ဆီးချိုသွေးချိုနှင့် အမြင်အာရုံဆုံးရှုံးခြင်း

ဆီးချိုသွေးချိုနှင့် အမြင်အာရုံဆုံးရှုံးခြင်း
Photo: kkmmonline.com 222
Photo: kkmmonline.com 222
Published 22 May 2022
ဒေါက်တာ လွင်သန့်

ကမ္ဘာပေါ်မှာ သွေးချိုဆီးချို လူနာ ၂၀၁၀ ပြည့်နှစ်မှာ ၂၈၅ သန်း ရှိကာ ၂၀၃၀ ပြည့်မှာ နှစ်ဆတိုးလာ နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ တစ်ကမ္ဘာလုံးဖြစ်ပွားမှု မြင့်မားလှပြီး ယခင်ဖွံ့ဖြိုးပြီးနိုင်ငံမှာ မြင့်တက်နေပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ တရိပ်ရိပ် တက်လာပါတယ်။ လူနေမှုပုံစံ ပြောင်းလဲကာ အနောက်နိုင်ငံရဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာပါတယ်။ စင်စစ် ဆီးချိုသွေးချိုဟာ ဇီဝ ကမ္မဖြစ်စဉ်ချို့ယွင်းလို့ဖြစ်ပေါ်လာတဲ့ သွေးအတွင်း အချိုဓာတ် များတဲ့ရောဂါ ဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါမျိုးရိုးရှိသူများ၊ အဝလွန်ကဲသူများ၊ ကိုယ်ကာယလှုပ်ရှားမှုနည်းသူများ၊ သွေးအတွင်း အဆီဓာတ်များသူများ၊ သွေးတိုးရောဂါရှိသူများ၊ အသက် ၄၀ ကျော်အမျိုးသမီးများ ဖြစ်နိုင်ပါတယ်။

မျက်စိရောဂါက ဆီးချိုကြောင့် အမြင်အာရုံဆုံးရှုံးစေတဲ့ အရေးကြီးရောဂါတွေမှာ တစ်ခုဖြစ်ပါတယ်။

ဆီးချိုရဲ့ရောဂါလက္ခဏာတွေက ဆီးများများနဲ့ မကြာခဏသွားခြင်း၊ ကိုယ်အလေးချိန်ကျကာ ပိန်ခြင်း၊ ကိုယ်လက်ယားယံခြင်း၊ အင်္ဂါစပ်နားယားယံခြင်း၊ အနာကျက်ခဲခြင်း၊ အမျိုးသမီး အဖြူဆင်းခြင်း၊ ဆီးသွားတဲ့နေရာမှာ ပုရွက်ဆိတ်အုံနေတက်ခြင်း၊ ခြေလက်တွေတုန်နေတတ်ခြင်း၊ ခြေလက်ဖောရောင်ခြင်း တို့ဖြစ်ပါတယ်။

အသက်အရွယ်မရွေး၊ကျားမ မရွေးဖြစ်နိုင်လို့ သွေးချိုဆီးချိုရှိ-မရှိ၊ သွေးအတွင်း သကြားဓာတ်များ-မများကို သွေးဖောက်စစ်မှ သိနိုင်ပါတယ်။ ဆီးအတွင်းသကြားဓာတ် ရှိ-မရှိစမ်းသပ်ရုံနဲ့မရပါဘူး။ အစားအစာ စားသောက်ခြင်းဟာ သွေးတွင်း သကြားပမာဏ ပြောင်းလဲစေပါတယ်။ သွေးချိုဆီးချိုမှာ အစားမစားမီ ၁၂၆ မီလီဂရမ် ရာခိုင်နှုန်း ကြုံကြိုက်တဲ့အချိန် သွေးအတွင်း အချိုပမာဏ ၁၇၅-၂၀၀ မီလီဂရမ် ရာခိုင်နှုန်းအထက်ရှိရင် ခေါ်ဆိုနိုင်ပါတယ်။ သာမန် ၇၅-၁၇၅ မီလီ ဂရမ် ရာခိုင်နှုန်းရှိရပါမယ်။ ဆီးချို သွေးချို သေချာအောင်မနက် ၆ နာရီ ရေမသောက်၊ အစားမစားဘဲ အစောဆုံး သွေးဖောက်စစ်ဆေးရင်  ၅ ဒသမ ၇ ရာခိုင်နှုန်းအောက်ထား ရှိဖို့လိုပါတယ်။  ၅ ဒသမ ၇ ရာခိုင်နှုန်းထက်ပိုရင် ဆီးချိုသွေးချိုရောဂါလို့ သတ်မှတ်နိုင်ပြီဖြစ်ပါတယ်။

သွေးအတွင်း အချိုဓာတ်ကို သွေးဖောက်စစ်ဆေးတာဟာ စစ်ဆေးတဲ့အချိန်ကာလရှိ သွေးအတွင်း အချိုဓာတ်ပမာဏကိုသာ ဖော်ပြနိုင်ပြီး ကျန်တဲ့အချိန်မှာ  အချိုဓာတ်ပမာဏ များလွန်းခြင်း၊ နည်းလွန်းခြင်း မဖော်ပြနိုင်ပါဘူး။ ဟေမိုဂလိုဘင် အေဝမ်းစီကို တိုင်းတာခြင်းဟာ သုံးလအတွင်း သွေးချိုပမာဏ ထိန်းထားခြင်းရှိ-မရှိသိနိုင်ပါတယ်။သွေးနီဥရဲ့ သက်တမ်းဟာ ရက်ပေါင်း ၁၂၀ ရက် ရှိတာကြောင့် သုံးလအတွင်း ဆိုလိုခြင်းဖြစ်ပါတယ်။

မစားသုံးသင့်တဲ့အစာတွေက သကြား၊ နို့ဆီ၊ ကော်ဖီမစ်၊ တီးမစ်၊ အိုဗာတင်း၊ မိုင်လို၊ ဟောလစ်၊ အိုက်စကရင်၊ အချိုရည်ဘူးများ၊ ထန်းလျက် ၊ ကြံသကာ၊ မလိုင်ပါတဲ့ အစာများ၊ ချိုတဲ့အသီးများ၊ ပြည့်ဝဆီနဲ့ အုန်းဆီအမျိုးမျိုးဖြစ်ပါတယ်။ စားသုံးသင့်တဲ့ အစားအစာတွေက ဆန်နဲ့ပြုလုပ်တဲ့ အစားအစာ၊ ဂျုံနဲ့ပြုလုပ်တဲ့ အစားအစာ၊ အမျှင်ပါတဲ့ ဟင်းသီးဟင်းရွက်များ၊ အသားမှာ ငါးအမျိုးမျိုး၊ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ အဆီမပါ၊ စားသောက်နိုင်သော ဘဲသား၊ ကြက်သား (အရေ ခွံမပါ) နဲ့မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပင်လယ်ငါးမှရတဲ့အဆီတို့ကို စားသုံးနိုင်ပါတယ်။

ဆီးချိုရောဂါရဲ့နောက်ဆက်တွဲ ရောဂါမှာ အမြင်အာရုံဆုံးရှုံးစေတဲ့ အရေးကြီးရောဂါတစ်ခု ပါဝင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေက အမြင်လွှာကို ထိခိုက်နိုင်တဲ့ရောဂါ (Diabetes Retinopathy)၊ အတွင်းတိမ် (cataract)၊ ရေတိမ် Glaucoma)၊ မျက်စိသွေး ကြောပိတ်ဆို့မှုကြောင့် အာရုံထိခိုက် ရောဂါ (Central retinal artery Occlusion retinal vein occlusion) တို့ဖြစ်ပါတယ်။

ဆီးချိုကြောင့် အမြင်အာရုံ ဆုံးရှုံးခြင်းကို ကာကွယ်ဖို့နည်းလမ်းတွေရှိပါတယ်။ သွေးချိုဆီးချိုကို ကောင်းမွန်အောင်စနစ်တကျ ကုသထိန်းသိမ်းသင့်ပါတယ်။ သွေးပေါင်ချိန်သာမန် ၁၂၀/၈၀ မီလီမီတာပြဒါး ရှိသင့်ပါတယ်။ ဆေးလိပ်၊ ကွမ်းဖြတ်ရပါမယ်။ မျက်စိမှန်မှန်စစ်ဆေးရပါမယ်။ လိုအပ်တဲ့ကုသမှုခံယူရပါတယ်။ ဆီးချိုရောဂါရှိသူတိုင်း မျက်စိမှန်မှန်စစ်ဆေးသင့်ပါတယ်။အချိန် မှန်မှန် မျက်စိစစ်ထားခြင်းက ဆီးချို၊ သွေးချိုရောဂါကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေ ဆောလျင်စွာ သိရှိနိုင်ပါတယ်။

အမျိုးအစား (၁) ဆီးချိုသွေးချိုအတွက် ရောဂါရှိကြောင်းစသိချိန်မှ ၃-၅ နှစ်အတွင်းနဲ့ ဆီးချိုအမျိုးအစား၊ (၂)မှာရောဂါရှိတယ်လို့ စတင်သိရှိတဲ့ အချိန်နဲ့နှစ်စဉ် (သို့ မဟုတ်) ဆရာဝန်ညွှန်ကြားချက်အတိုင်း မှန်မှန် စစ်ဆေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုရောဂါတို့ အတွက်ပထမဆုံးအပ်တဲ့ကိုယ်ဝန်ဟာ ကိုယ်ဝန် ၂၈ ပတ်မှာ စစ်ဆေးသင့်ပါတယ်။

မျက်စိစစ်ဆေးခြင်းကို မျက်စိအထူးကုဆေးရုံကြီးများ၊ မျက်စိအထူးကုဆရာဝန်ရှိဆေးရုံ၊ ဌာနတို့ ဆေးခန်းတို့မှာ စစ်ဆေးနိုင်ပါတယ်။ မျက်စိစမ်းသပ်စစ်ဆေးရင် အဖော်တစ်ဦး ခေါ်လာဖို့လိုပါမယ်။ သားငယ်အိမ်ကျယ်လာစေဖို့ မျက်စဉ်း ခတ်ပေးရပါမယ်။ ရေတိမ်ရှိရင်မျက် စဉ်းခတ်ပါက ပိုမိုဆိုးလာနိုင်လို့ ဆရာဝန်၊ ဆရာမတွေ ကြိုတင်အသိပေးဖို့လိုပါတယ်။ သည့်နောက်မှာ ခေတ်မီ မျက်စိစစ်ဆေးတဲ့ စက်တွေနဲ့ အမြင်လွှာကို ဓာတ်ပုံရိုက်စစ်ဆေးပေးရမှာဖြစ်ပါတယ်။ မျက်စိ စမ်းသပ်စစ်ဆေးတဲ့ ရလဒ်ကို မူတည်လို့ ခြောက်လ (သို့မဟုတ်) တစ်နှစ်မှာ မျက်စိပြန်စစ်ဆေးဖို့ (သို့မဟုတ်) မျက်စိအထူးကုနဲ့ ပြကာ ကုသမှုတွေ ဆက်လက်ခံယူဖို့ဆောင်ရွက်ရမှာဖြစ်ပါတယ်။

မျက်စိစစ်ဆေးလို့ ဘေးထွက် ဆိုးကျိုးမရှိပါဘူး။ မျက်စဉ်းခတ်ပြီး နာရီအနည်းငယ်ခန့် မျက်စိ၀ါးနေတတ်ပါတယ်။ မျက်စိစမ်းသပ်တဲ့နေ့မှာ ကိုယ်တိုင်ကားမမောင်းဖို့၊ အနည်းဆုံး အဖော်တစ်ဦး ခေါ်လာဖို့လိုပါမယ်။ ဆီးချိုမထိန်းနိုင်ရင် အမြင်အာရုံ ဆိုးရွားစွာပြောင်းလဲနေပါမယ်။ ဆီးချိုရောဂါကြောင့် မြင်လွှာဗဟို (Macula)  မှာ ဆံခြည် သွေးဥနေမှာဖြစ်ပါတယ်။ အမြင်အာရုံဆုံးရှုံးခြင်းကို ကာကွယ်ဖို့ ဆီးချို၊ သွေးချို စနစ်တကျထိန်းသိမ်းကာ မျက်စိအထူးကုဆရာဝန်နဲ့ ကုသသင့်ပါတယ်။

ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေက ဦးနှောက်သွေးကြော ပိတ်ကာ လေသင်ဓုန်းဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ရောဂါဖြစ်ခြင်း၊ အာရုံကြောမျက်စိ ထုံကျဉ်ခြင်း၊ ခြေထောက်ပုပ်ခြင်း၊ ရောဂါပိုးမွှားမကြာမဏဝင်ရောက်ခြင်း၊ အနာကျက်ဖို့ခဲယဉ်းခြင်း၊ ကိုယ်ဝန်ဆောင်ချိန် ဖြစ်ပေါ်တဲ့ နောက်ဆက်တွဲ ဆင့်ပွားကြောင့် မိခင်နဲ့ကလေးရဲ့ ကျန်မာရေး၊ အသက်အန္တရယ်ထိခိုက်နိုင်ခြင်းကိုဖြစ်ကြပါတယ်။ ဆီးချိုသွေးချိုကို အမြစ်ဖြတ်အောင်မကုသနိုင်ပါဘူး။ ဆရာဝန်နဲ့ပြသကာ ဆီးချိုသွေးချို မှန်မှန်စစ်ဆေးဖို့လိုပါတယ်။ ဆေးကုသမှုခံယူပြီးစနစ်တကျ နေထိုင်စားသောက်လိုက်ရင် သက်တမ်းစေ့ နေထိုင်နိုင်ပါတယ်။

ဆီးချိုသွေးချိုတို့ လိုက်နာဖို့ တတ်ကျွမ်းနားလည်တဲ့ ဆေးပညာရှင်ပြသကာ လမ်းညွှန်ချက် တိတိကျကျလိုက်နာပြီး ဆီးချိုစနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အစားအစာနဲ့ ဆေးဝါးကို အချိန်ကိုက်ပြီး စားသုံးသင့်ပါတယ်။ မက်ဖော်မင် ၅၀၀ မီလီဂရမ်နဲ့ ဂလိုင်ဇင် Gliz 40 မီလီဂရမ် နံနက်တစ်ကြိမ်၊ ည တစ်ကြိမ်သောက်ခြင်းက မက်ဖော်မင် ယဉ်ပါးမှု ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ဂျုံကြမ်းနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ လုံးတီးဆန်၊ အသီးအရွက်သုပ်တစ်ပွဲ၊ စွပ်ပြုတ်တစ်ခွက်လောက်ဟာ အဆင်ပြေနိုင်တယ်။ အချိုစားသုံးမှု တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ ဟင်းသီးဟင်းရွက်၊ ငါး၊ အဆီမပါတဲ့အသားများ စားနိုင်ပါတယ်။ စားသုံးဖို့မသင့်တဲ့ အချိုကဲတဲ့ အစာရှောင်သင့်ပါတယ်။ မျက်စိကို ခြောက်လတစ်ကြိမ်ပြသင့်ပါတယ်။ ထိခိုက်ရှနာ၊ ဒဏ်ရာဖြစ်ရင် ဂရုစိုက်ကုသသင့်ပါတယ်။

သွေးထဲမှာ သကြားဓာတ်များရင် အန္တရာယ်ရှိသလို သကြားဓာတ် နည်းလွန်းရင်လည်း အန္တရာယ်ရှိနိုင်ပါတယ်။

ဆီးချိုသွေးချို ရောဂါရှင်တို့အနေနဲ့ မစားသင့်တဲ့ အစားအစာကို စားသုံးရင်၊ သွေးအတွင်း သကြားဓာတ်လွန်ကဲများပြားနိုင်သလို စားနိုင်တဲ့ အစာတွေ လုံလုံလောက်လောက် မစားရင်လည်း သွေးအတွင်း အချိုဓာတ်ကျဆင်းကာ သတိလစ်မေ့မြောခြင်း၊ အသက်အန္တရာယ်ရှိခြင်းအထိဖြစ်လာနိုင်လို့ သတိပြုဆင်ခြင်ဖို့လိုပါတယ်။ ဆီးချိုဆေးကို မနက်စာမစားမီနဲ့ ညစာ မစားမီ နာရီဝက်အကွာ သောက်ပြီးမှ  (သို့မဟုတ်) အစာစားသောက်ပြီး နာရီဝက်ကြာမှ သောက်ပေးသင့်ပါတယ်။  

Most Read

Most Recent