မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဇ်က မဟာပြိုင်ဘက် လီဗာပူးလ်အသင်းကို ဂိုးပြတ် အရှက်တကွဲရှုံးနိမ့်ခဲ့ခြင်းအတွက် အသင်းပရိသတ်များကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က အန်ဖီးလ်ကွင်းတွင် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် (၀-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် မန်ယူကစားသမားများ၏ စွမ်းဆောင်မှုများကို ဘောလုံးကျွမ်းကျင်သူများနှင့် အသင်းပရိသတ်များကပါ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။
ယင်းပွဲအပြီးတွင် ဘရူနိုဖာနန်ဒက်ဇ်က ''ကျွန်တော်တို့အတွက် အရမ်းကို ဆိုးရွားလွန်းတဲ့ ရလဒ်ဆိုတာ သိသာပါတယ်။ အဲဒီထက်ပိုပြီး ကျွန်တော့်မှာ ပြောစရာစကားမရှိပါဘူး။ ဒီရလဒ်အတွက် အသင်းပရိသတ်တွေကို တောင်းပန်ရုံနဲ့ မလုံလောက်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော် လုပ်နိုင်တာက တောင်းပန်ရုံကလွဲလို့ ဘာမှ မရှိပါဘူး။ လီဗာပူးလ်နဲ့ပွဲမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံက အသင်းပရိသတ်တွေအတွက် မလုံလောက်ပါဘူး။ အသင်းပရိသတ်တွေအနေနဲ့ ကျွန်တော်တို့ဆီက အခုထက်ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေကို မြင်ရဖို့ ထိုက်တန်ပါတယ်။ သူတို့က အဆုံးအထိ အားပေးကြသူတွေဖြစ် ပြီး ကျွန်တော်တို့အနေနဲ့ စွမ်းဆောင်မှုကို မြှင့်တင်ဖို့ လိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။















