ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်းနှစ်ဆယ် ရှစ်သောင်းငါးထောင်သို့ မြင့်တက်လာသော်လည်း စျေးကွက်အတွင်း ဝယ်လိုအားများသဖြင့် ထိန်းရောင်းနေရ

ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်းနှစ်ဆယ် ရှစ်သောင်းငါးထောင်သို့ မြင့်တက်လာသော်လည်း စျေးကွက်အတွင်း ဝယ်လိုအားများသဖြင့် ထိန်းရောင်းနေရ
Published 21 April 2022
ဇော်မင်းနိုင်

ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်းနှစ်ဆယ် ရှစ်သောင်းငါးထောင်သို့ မြင့်တက်လာ သော်လည်း စျေးကွက်အတွင်း ဝယ်လိုအားများသဖြင့် ထိန်းရောင်းနေရကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ရွှေစျေးနှုန်းမှာ ဧပြီ ၂၀ ရက် စျေးကွက် အပိတ်စျေးအရ တစ်ကျပ်သားလျှင် သိန်းနှစ် ဆယ် ခုနစ်သောင်း လေးထောင်ရှိခဲ့ရာမှ ဧပြီ  ၂၁ ရက်စျေးနှုန်းအရ ကျပ် ၂၁ သိန်းသို့ ရောက် ရှိရန် တစ်သောင်းခွဲသာ လိုအပ်သည့်အခြေအ နေသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“စျေးကတော့ တက်နေတယ်။ စျေးကွက် မှာတော့ ပစ္စည်းက အဝယ်လိုက်တယ်ပေါ့။ အဝယ်လိုက်ပြီး ရောင်းမယ့်သူမရှိ အဝယ်ပဲရှိ နေတဲ့သဘောဖြစ်နေတယ်။ စျေးတက်မယ်ဆို ပြီး အတင်းလိုက်ဝယ်နေတာတွေရှိတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

အချို့ရွှေဆိုင်များတွင် အဝယ်သမားများ မှာ တုံကင်များနှင့် ဝယ်ယူနေသည်ဟု ကြားသိ ရကြောင်း ဦးမျိုးမြင့်ကဆိုသည်။

“ရွှေဆိုင်တွေလည်း တုံကင်နဲ့ဝယ်နေကြ တယ်” ဟု ဦးမျိုးမြင့်ကပြောကြားသည်။

သင်္ကြန်ကာလနောက်ပိုင်းတွင် ရွှေဆိုင်များ စတင်ဖွင့်လှစ်ခဲ့ရာ ဧပြီ ၁၉ ရက်တွင် ရွှေ ဆိုင်အချို့မှာ နေ့တဝက်သာဖွင့်လှစ်နိုင်ခဲ့ ကြောင်း၊ ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်တွင်လည်း အဝယ်လိုက်နေခဲ့ကြောင်း သိရသည်။

“ဒီနေ့ကတော့ ရောင်းကိုမပေးတော့တာ။ တန်နဲ့ချီပြီးဝယ်မယ့်သူတွေလည်းရှိတယ်။ ပွဲ စားတွေလည်း ရှိနေတာပေါ့။ လေပတ်ကားက အခုချိန်မရှိတော့ဘူး။ အခုချိန်ရောင်းမယ်ဆို ပိတ်ဝယ်မယ့်သူတွေချည်းပဲ ဖြစ်နေတာ။ အခု က ဝယ်မယ့်သူ ၁၀၀ ရှိတယ်။ ရောင်းမယ့်သူ တစ်ယောက်လောက်ဖြစ်နေတဲ့ သဘောမှာရှိ တယ်။ အခုကတော့ နေ့ဆက်တိုက် အဝယ် လိုက်နေတဲ့သဘောမှာရှိတယ်” ဟု ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောကြားသည်။

ရွှေစျေးနှုန်းမှာလည်း ဧပြီ ၂၁ ရက်စျေး နှုန်းအရ ရန်ကုန်စျေးနှင့် မန္တလေးစျေးနှုန်းမှာ တူညီခဲ့ကြောင်း၊ ယင်းသို့ စျေးနှုန်းတူသည့် အခြေအနေမှာ ကိုဗစ်ကာလက တစ်ကြိမ်သာ ရှိခဲ့ကြောင်း၊ ယခင်ပုံမှန်ကာလများတွင် ရန် ကုန်စျေးမှာ မန္တလေးစျေးထက် အနည်းဆုံး ကျပ်သုံးထောင်ကွာဟကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။

“ စျေးတူသွားတဲ့အခါကျတော့ မန္တလေး က ပစ္စည်းကမလာတော့ဘူး။ အရင်က မန္တ လေးနဲ့ ရန်ကုန်က သုံးထောင်လောက်ကွာ တယ်။ သုံးထောင်လောက်ကွာတော့ သယ်ယူ စရိတ်နုတ်ရင် ကိုက်တယ်ပေါ့ကွာ။ အခုကျ တော့ မလာတော့ဘူး။ စျေးကွာသွားမှ ဟိုက ပစ္စည်းဝင်လာရင် စျေးနည်းနည်းပြုတ်ကျနိုင် တယ်” ဟု ဦးမျိုးမြင့်က ဆက်လက်ပြောကြား သည်။

ဗဟိုဘဏ်က တစ်ဒေါ်လာ ငွေလဲနှုန်း ၁၈၅၀ ဟု သတ်မှတ်ပြီး ရွှေစျေးနှုန်းအား  ငွေ လဲနှုန်းဖြင့် တွက်ချက်သတ်မှတ်ရမည်ဟု သ တင်း ထွက်ပေါ်လာခဲ့ရာ ဧပြီ ၈ ရက်တွင် ရွှေစျေးနှုန်း ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိပေ။

သင်္ကြန်ကာလအပြီး ရွှေစျေးနှုန်းမှာ တစ် ကျပ်သားလျှင် ကျပ်သိန်းနှစ်ဆယ်ငါးသောင်း ကျော်သို့ ရောက်ရှိလာခဲ့ရာမှ တရိပ်ရိပ်မြင့် တက်လာခြင်းဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်၊၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အ ထိ စံချိန်တင် မြင့်တက်ခဲ့သည်။

 

Most Read

Most Recent