ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း (၄၀) ဝန်းကျင်ဖြင့် ရောင်းထုတ်ရန် အသင့်ရှိနေကြောင်း ဂျာမန်အားကစားမဂ္ဂဇင်း Kicker က ဖော်ပြခဲ့သည်။
အသက် (၃၃) နှစ်အရွယ်ရှိ ပိုလန်လက်ရွေးစင်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ၂၀၂၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် လီဝန်ဒေါစကီးအား ၂၀၂၃ ခုနှစ်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိပါက လာမည့်နွေရာသီတွင် ရောင်းထုတ်ရမည်ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းပေါ်လစီအရ အသက် (၃၀) နှင့်အထက် ကစားသမားများကို တစ်နှစ်ချင်းစီသက်တမ်းတိုးလေ့ရှိပြီး လီဝန်ဒေါစကီးကိုလည်း ယင်းကဲ့သို့ သက်တမ်းတိုးရန် အလိုရှိနေကြောင်း သိရသည်။
သို့သော် လီဝန်ဒေါစကီးကမူ ၎င်းအား အနည်းဆုံး (၂) နှစ်သက်တမ်းတိုးရန်နှင့် လက်ရှိတွင် ရရှိနေသည့် တစ်နှစ်လစာ ယူရို (၂၃) သန်းကိုလည်း တိုးပေးရန် အလိုရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ယင်းကဲ့သို့ ကမ်းလှမ်းခြင်းမရှိပါက အသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများက လီဝန်ဒေါစကီးကို အသင်းတွင် ဆက်ထိန်းလိုသော်လည်း ကစားသမား၏ တောင်းဆိုမှုကို လိုက်လျောလိုခြင်းမရှိကြောင်း သိရသည်။
ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းသည် လီဝန်ဒေါစကီးကို ယူရိုသန်း (၄၀) ဝန်းကျင်ဖြင့် ကမ်းလှမ်းလာပါက အသင်းပြောင်းရွှေ့ခွင့်ပေးရန် အသင့်ရှိနေကြောင်း Kicker က ဖော်ပြခဲ့ခြင်းဖြစ်သည်။
လီဝန်ဒေါစကီးသည် အသက် (၃၃) နှစ်ကျော်ပြီဖြစ်သော်လည်း ယခုရာသီ ပြိုင်ပွဲစုံ (၄၂) ပွဲတွင် (၄၇) ဂိုးအထိ သွင်းယူထားပြီး ခြေစွမ်းပြနေသဖြင့် ၎င်းကို ခေါ်ယူလိုသည့် ဥရောပထိပ်တန်းအသင်းများစွာ ရှိနေကြောင်း သိရသည်။
လက်ရှိတွင် လီဝန်ဒေါစကီးကို ခေါ်ယူရန် ဘာစီလိုနာ၊ မန်ယူနှင့် ဂျူဗင်တပ်စ်အသင်းတို့က စောင့်ကြည့်နေကြကြောင်း သိရသည်။















