လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းထောင့်ရှိ ကမာရွတ်မြို့မရဲစခန်းအနီးတွင် ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လမ်းသွားလမ်းလာတစ်ဦးသေဆုံး

လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းထောင့်ရှိ ကမာရွတ်မြို့မရဲစခန်းအနီးတွင် ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လမ်းသွားလမ်းလာတစ်ဦးသေဆုံး
Published 21 April 2022

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့်နာနတ်တောလမ်းထောင့်ရှိ ကမာရွတ်မြို့မရဲစခန်းအနီးတွင် ဧပြီ ၂၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၁ ရက် နံနက် ၅ နာရီခန့်တွင် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းဆုံရှိ ကမာရွတ်မြို့မရဲစခန်းအနီးတွင် ပေါက်ကွဲမှုများ စတင်ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။

" ပေါက်ကွဲသံအရင်ကြားလိုက်ရတယ်။ နှစ်ချက်ပေါက်တာ။ ရဲစခန်းအထဲမှာလား အပြင်မှာလားတော့ မသိဘူး။ အသံကတော့ တော်တော်ကျယ်တယ်" ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက်တွင် သေနတ်သံများ ကြားခဲ့ရကြောင်း၊ သေနတ်ပစ်ခံရသဖြင့် အဆိုပါလမ်းမပေါ်တွင် သွားလာနေသည့် ယာဉ်တစ်စီးပေါ်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။

"ပေါက်ကွဲမှုဖြစ်ပြီးတော့ သေနတ်သံကြားရတယ်။ ပြီးတော့ လမ်းသွားနေတဲ့ ကားပေါ်က အမျိုးသားတစ်ဦး သေဆုံးသွားတယ်။ အဲဒီလမ်းဆုံက မီးပွိုင့်နားမှာ သေသွားတာပါ" ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

ကမာရွတ်ရဲစခန်းအနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနောက် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ ဖြစ်စဉ်အား ဆက်လက်စစ်ဆေးနေကြောင်း လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent