၂၀၂၁-၂၂ ဘောလုံးရာသီ အမျိုးသမီး FA ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲသို့ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းနှင့် မန်စီးတီးအသင်းတို့ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲတွင် တွေ့ဆုံစေခဲ့ကြောင်း သိရသည်။
အမျိုးသမီး FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များကို အမျိုးသားပြိုင်ပွဲပွဲစဉ်များ ကစားသည့်ရက်အတိုင်း ပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးအသင်းက (၂)ကြိမ်ဆက်နှင့် မန်စီးတီးအသင်းက နောက်ဆုံး(၄)နှစ်အတွင်း တတိယအကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲသို့ တက်လှမ်း နိုင်ခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းကို (၄-၁)ဂိုးဖြင့်လည်းကောင်း၊ ချယ်လ်ဆီးအသင်းက အာဆင်နယ်အသင်းကို (၂-ဝ)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းသည် နောက်ပိုင်း အမျိုးသမီး FA ဖလားပြိုင်ပွဲကို လွှမ်းမိုးထားသည့်အသင်းများဖြစ်ပြီး ပြီးခဲ့သည့်(၇)နှစ်ဆက်တိုက် အနည်းဆုံး(၁)သင်း ဗိုလ်လုပွဲတက်ခဲ့ကာ ယခုနှစ်၌မူ နှစ်သင်းစလုံး ချန်ပီယံလုပွဲကို ထိပ်တိုက်ရင်ဆိုင် ဆင်နွှဲရတော့မည်လည်း ဖြစ်သည်။
၂၀၁၄-၁၅ ရာသီမှစတင်ကာ ပြီးခဲ့သည့်ရာသီအထိ FA ဖလားပြိုင်ပွဲ (၇)ကြိမ်တွင် ချယ်လ်ဆီး(၂၀၁၄- ၁၅၊ ၂၀၁၇-၁၈၊ ၂၀၂၀-၂၁)၊ မန်စီးတီး(၂၀၁၆-၁၇၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀) အသင်းများက (၃)ကြိမ်စီ ရယူထားနိုင်ခဲ့ကာ ၂၀၁၅-၁၆ တစ်ရာသီသာ အာဆင်နယ်အသင်းက ကြားဖြတ်ဗိုလ်စွဲထားနိုင်ခဲ့သည်။
မန်စီးတီးအသင်းသည် ဗိုလ်လုပွဲတက်ရောက်သည့်အကြိမ်တိုင်း ချန်ပီယံဆုကို ရယူထားနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းမှာမူ နောက်ဆုံးယှဉ်ပြိုင်ကစားထားသည့် ဗိုလ်လုပွဲ(၄)ကြိမ်တွင် ၂၀၁၅-၁၆ ရာသီမှအပ ကျန်(၃)ကြိမ်၌ ဗိုလ်စွဲထားနိုင်ခဲ့သည်။
(၅၂)ကြိမ်မြောက် ဗိုလ်လုပွဲကို လာမည့်မေလ(၁၅) ရက်၌ ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။















